ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို အမှတ် ၈၀၀၂ တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်း

January 28, 2026

ဓာတ်ပုံ - KBDF

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် KBDF ကို တပ်ရင်းတစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း ဇန်နဝါရီလ ၂၇ ရက်တွင် ယင်းတပ်ရင်းက ကြေညာသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ ဗျူဟာ ၃၃ ၏ အမှတ် ၈၀၀၂ (KBDF) တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

ယင်းသို့ ဖွဲ့စည်းရန် NUG ကာကွယ်ရေးဝန်ကြီးဌာနထံ စာရင်းတင်သွင်းခြင်းနှင့် တပ်တွင်းအရည်အချင်း စစ်ဆေးမှုပြုလုပ်သည့်ကာလ သုံးလဝန်းကျင်ကြာမြင့်ပြီးနောက် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လက်မှတ်ရေးထိုး၍ တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် အတည်ပြုခဲ့ကြောင်း အမှတ် ၈၀၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

အထူးတိုင်းစစ်ဌာန၊ ဗျူဟာ ၃၃ အောက်တွင် ရေးမြို့နယ်အခြေစိုက် ရေးပြောက်ကျားတပ်ကလည်း အမှတ် ၈၀၀၁ တပ်ရင်းအဖြစ် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလက ပြောင်းလဲဖွဲ့စည်းခဲ့သေးသည်။

“အခုလို တပ်ဖွဲ့ကနေ တပ်ရင်းအဆင့် ပြောင်းလဲလိုက်တော့ ရဲဘော်တစ်ယောက်ချင်းစီရဲ့ စည်းစနစ်ကျမှုလည်း အရေးကြီးလာတယ်။ အားသာချက်အနေနဲ့က ဘဏ္ဍာရေးထောက်ပို့ကိစ္စနဲ့ စစ်ရေးကိစ္စမှာ ဝေဝါးမနေဘဲ စီးဆင်းမှုတစ်ခုတည်းဖြစ်ပြီး အားကောင်းလာမယ်” ဟု အမှတ် ၈၀၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) သည် ဒေသကာကွယ်ရေး (Local) တပ်ဖွဲ့အဖြစ် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ၏ တပ်ဖွဲ့တစ်ခုအဖြစ် တာဝန်ထမ်းဆောင်ပြီး ၂ဝ၂၃ ခုနှစ်၊ သြဂုတ်လ ၄ ရက်တွင် ပကဖမှ နုတ်ထွက်ခဲ့သည်။

ပကဖမှ နုတ်ထွက်ပြီးနောက် KBDF သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၏ ဒေါနတပ်ခွဲ ၄ အဖြစ် ပြောင်းလဲကာ ဒေါနတပ်ခွဲ ၆၊ ၇ တို့နှင့် ပူးပေါင်း၍လည်း ဒေါနစစ်ကြောင်း ၃ ၌ စစ်ရေးလှုပ်ရှားမှုများ ဦးဆောင်ပြုလုပ်ခဲ့သည်။

ဒေါနတပ်ခွဲ ၆ နှင့် ၇ တို့လည်း တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန် စုဖွဲ့ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ထားဝယ်ခရိုင်တွင် PDF တပ်ရင်းအနေဖြင့် အမှတ် ၁ တပ်ရင်းနှင့် အမှတ် ၂ တပ်ရင်း နှစ်ရင်းရှိပြီး၊ ယခု အမှတ် ၈၀၀၂ တပ်ရင်းအပါအဝင် PDF တပ်ရင်း သုံးခုအထိ ရှိလာပြီဖြစ်သည်။

KBDF သည် တပ်ဖွဲ့အဖြစ် ရှိစဉ်ကတည်းက မွန်နှင့် တနင်္သာရီဒေသ နှစ်ခုစလုံးတွင် စစ်ရေးလှုပ်ရှားနေသည်။

“မဟာမိတ်ဆက်ဆံရေးအနေနဲ့ ယခင်ရှိပြီးသား မဟာမိတ်တွေနဲ့ရော တပ်ရင်းတွေနဲ့ပါ မဟာမိတ်အဖြစ် ဆက်လက်တည်ဆောက်သွားမှာပါ” ဟု အမှတ် ၈၀၀၂ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်သူးလေတပ်မတော် (KTLA) မှ တပ်ခွဲများ၊ မွန်နှင့် ထားဝယ် တော်လှန်ရေးအင်အားစုများ စုစည်းထားသည့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးမဟာမိတ်တွင်လည်း အမှတ် ၈၀၀၂ (KBDF) တပ်ရင်းက မဟာမိတ်အနေဖြင့် ပါဝင်သည်။