ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အနိုင်ရပါက မြန်မာအလုပ်သမားရေးအဖွဲ့များကို နှိမ်နင်းမည်ဟု ထိုင်းဖတ်ဒီးပါတီက မဲဆွယ်

January 28, 2026

ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော Thai Pakdee Party (ထိုင်းဖတ်ဒီးပါတီ)က ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းသွားမည်ဟု ပြောဆိုထားသော ရုပ်သံဖိုင်ဖြင့် မဲဆွယ်စည်းရုံးနေသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့ ညပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင် Thai Pakdee Party ၏ Facebook စာမျက်နှာ၌ ထုတ်လွှင့်ခဲ့သော ရုပ်သံမှတ်တမ်းအရ ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားအရေး ကူညီပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ပြီး NGO ဥပဒေနှင့် ပတ်သက်၍ ပိုမိုတင်းကျပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကူညီပေးနေသည့် မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များ၊ အလုပ်သမားသမဂ္ဂဖွဲ့စည်းရေး ကူညီဆောင်ရွက်ပေးနေသော NGO အဖွဲ့များကို နှိမ်နင်းပေးမည်ဖြစ်ကြောင်း မဲဆွယ်စည်းရုံးခဲ့ခြင်းဖြစ်သည်။

ပါတီ၏ မူဝါဒ (Policy) အရ မြန်မာနိုင်ငံသားများ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာနိုင်အောင် ကူညီပေးနေသော လာဘ်ပေးလာဘ်ယူမှုများနှင့် မြန်မာအလုပ်သမားများကို ကူညီဆောင်ရွက်ပေးနေသော NGO ဆိုင်ရာ မူဝါဒများကို ပိုမိုတင်းကျပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားများက အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သို့ မထွက်ပြေးဘဲ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသည်မှာ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများကို ကူညီပေးသည့် NGO များကို ကိုင်တွယ်ဖြေရှင်းရန်မူဝါဒ အားနည်းနေသေးသောကြောင့်ဖြစ်ကြောင်း ပါတီဘက်က ပြောဆိုထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ NGO များသာမက မြန်မာနိုင်ငံသားများ ပါဝင်သည့် NGO များလည်း ထိုင်းနိုင်ငံအတွင်း ပိုမိုများပြားလာပြီး လှုပ်ရှားနေကြသဖြင့် တစ်နေ့တွင် ထိုင်းနိုင်ငံရေးကို ဒုက္ခပေးနိုင်ကြောင်း ပြောဆိုထားသည်။

“စဉ်းစားကြည့်ပါ၊ ဒီအတိုင်းလွှတ်ထားရင် တစ်နေ့မှာ မြန်မာအလုပ်သမားတွေက နေရာရလာပြီး ထုတ်ဖော်ပြောဆိုတာမျိုး၊ လုပ်ချင်တာတစ်ခုခု လုပ်နိုင်တယ်။ ဒါက ထိုင်းနိုင်ငံတော်ရဲ့ လုံခြုံရေးကို ထိခိုက်လာနိုင်တယ်” ဟု ပါတီမဲဆွယ်ဗီဒီယို၌ Thai Pakdee Party ပါတီဝင်တစ်ဦးက ပြောဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံသားများကို ကူညီပေးနေသည့်ပုံစံဖြင့် အဖွဲ့အစည်းများက လူ့အခွင့်အရေး (Human Rights)၊ တန်းတူညီမျှရေး (Equality) နှင့် လူသားချင်းစာနာမှုဆိုင်ရာ အရေးကိစ္စများကို အသုံးပြု၍ နောက်ကွယ်တွင် လက်မည်းများ ရှိနေနိုင်ကြောင်း ပါတီဘက်က ထောက်ပြထားသည်။

မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံရှိ ကဏ္ဍအသီးသီးကို လွှမ်းမိုးလာနေခြင်းအပေါ် စိုးရိမ်သဖြင့် နှိမ်နင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်း NGO အဖွဲ့များကို ထိုင်းနိုင်ငံရေးပါတီနှစ်ခုက ထောက်ခံအားပေးနေကြောင်း စွပ်စွဲပြောဆိုထားပြီး မည်သည့်နိုင်ငံရေးပါတီများက ထောက်ခံနေသည်ကိုမူ ထည့်သွင်းပြောဆိုခြင်း မရှိပေ။

ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံသားဦးရေ များပြားလာသည့်ဖြစ်စဉ်ကို ဥရောပနိုင်ငံများတွင် မူစလင်လူမျိုးများ များပြားလာသည့် ဖြစ်ရပ်နှင့် Thai Pakdee Party က နှိုင်းယှဉ်ပြောဆိုထားသေးသည်။

မြန်မာနိုင်ငံသားများဘက်က ပြောဆိုပေးနိုင်သည့် ထိုင်းနိုင်ငံရေးအမတ်များမှာ လက်ရှိရွေးကောက်ပွဲအခြေအနေအရ ငြိမ်နေရကြောင်း MHAC မဟာမိတ်အဖွဲ့မှ ကိုရဲမင်းက Facebook ပေါ်တွင် တင်ထားသောစာများကိုလည်း ပါတီဘက်က ထောက်ပြထားသည်။

ယင်းအပြင် ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသားများ ၁၄ ရက်ကြာ ဈေးဝယ်မထွက်ကြဘဲ အနေအထိုင် ဆင်ခြင်ကြရန် တိုက်တွန်းထားသည့် FNCC Burma Fact Check Community နှင့် ကိုရဲမင်းတို့၏ အကောင့်များကိုလည်း ဖော်ပြထားသည်။

Thai Pakdee Party သည် ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ထိုင်း ၅၀၀ ဘတ်တန်နှင့် ၁၀၀၀ ဘတ်တန်များကို အသုံးပြုခွင့် ရပ်ဆိုင်းမည်ဟု ပြီးခဲ့သော ဒီဇင်ဘာလ မဲဆွယ်စည်းရုံးရေးတွင် ပြောဆိုခဲ့သော ပါတီဖြစ်သည်။ ထို့အပြင် ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ကန့်ကွက်ထားသည်။

Ref: Khaosod English, Thai Pakdee Party