လူငယ်များကို စွဲလမ်းစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသည်ဆိုသော စွပ်စွဲချက်ဖြင့် အမေရိကတွင် တရားစွဲဆိုခံထားရသည့်အမှုကို တရားရုံးပြင်ပတွင် ကျေအေးရန် TikTok ကုမ္ပဏီက ဇန်နဝါရီလ ၂၇ ရက်နေ့တွင် သဘောတူညီခဲ့သည်။
တရားရုံးမှတ်တမ်းအရ အသက် ၁၉ နှစ်အရွယ် တရားလိုအမျိုးသမီးတစ်ဦးက အဆိုပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများ၏ ဆွဲဆောင်မှုရှိသော ဒီဇိုင်းများကြောင့် သူမအနေဖြင့် ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရသည်ဟု စွပ်စွဲထားသည်။
အဆိုပါ ဆိုရှယ်မီဒီယာပလက်ဖောင်းများကြောင့် သူမတွင် စိတ်ဓာတ်ကျခြင်းနှင့် မိမိကိုယ်ကိုယ် အဆုံးစီရင်လိုစိတ် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း အဆိုပါ တရားလိုအမျိုးသမီးက စွပ်စွဲအပြစ်တင်ထားသည်။
အဆိုပါ တရားလိုအမျိုးသမီးနှင့် TikTok ကုမ္ပဏီအကြား အမှုကျေအေးရန် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြောင်း သူမ၏ ရှေ့နေ Joseph VanZandt က ဆိုသည်။
ယင်းကြောင့် ဆိုရှယ်မီဒီယာကုမ္ပဏီများကို အမေရိကန်နိုင်ငံတွင် တရားစွဲဆိုထားသည့် အထင်ကရ အမှုတွဲများအနက် ပထမဆုံးအမှုကို တရားရင်ဆိုင်ရမည့် အခြေအနေမှ TikTok ကုမ္ပဏီက ရှောင်ရှားနိုင်ခဲ့ကြောင်း The New York Times က ဖော်ပြသည်။
အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်ကောင်တီ၌ အင်္ဂါနေ့တွင် စတင်စစ်ဆေးရန် စီစဉ်ထားသည့် အဆိုပါအမှုသည် Meta၊ YouTube၊ Snap နှင့် TikTok တို့ကို ယခုနှစ်အတွင်း တရားစွဲဆိုမည့် အမှုတွဲများစွာအနက် ပထမဆုံးအမှုဖြစ်သည်။
အဆိုပါ ဆိုရှယ်မီဒီယာကုမ္ပဏီများကို ထောင်ပေါင်းများစွာသော လူပုဂ္ဂိုလ်များ၊ စာသင်ကျောင်းများနှင့် ပြည်နယ်ရှေ့နေချုပ်များက တရားစွဲဆိုထားခြင်းဖြစ်သည်။
အဆိုပါ ကုမ္ပဏီများသည် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို စီးကရက်ကဲ့သို့ပင် စွဲလမ်းစေရန် ပြုလုပ်ထားပြီး လူငယ်များကို ထိခိုက်စေသည်ဟု တရားစွဲဆိုထားသူများက စွပ်စွဲထားသည်။
တရားလိုများက ၎င်းတို့အတွက် နစ်နာကြေးရရှိရန်နှင့် ဆိုရှယ်မီဒီယာ အလွန်အကျွံအသုံးပြုမှုကို ထိန်းချုပ်နိုင်ရန် ဆိုရှယ်မီဒီယာ ပလက်ဖောင်းဒီဇိုင်းများကို ပြောင်းလဲပေးရန် တောင်းဆိုထားသည်။
အဆိုပါ ဆိုရှယ်မီဒီယာကုမ္ပဏီကြီးများသည် အမေရိကန်လူငယ် သန်းပေါင်းများစွာကို ထိခိုက်စေသည်ဟု တရားလိုများဘက်မှ သက်သေပြနိုင်ပါက ယင်းကုမ္ပဏီကြီးများကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် လမ်းပွင့်သွားစေမည်ဖြစ်ကြောင်း The New York Times က ဖော်ပြသည်။
Source: The New York Times၊ Reuters







