ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေးကောက်ပွဲအကြို့နေ့ ပြည်ကြီးမဏ္ဍိုင်မြို့ ရွှေဂဲညိုကျေးရွာတွင် တိုက်ပွဲဖြစ်၊ စစ်သင်္ဘောက လက်နက်ကြီးဖြင့်ပစ်ခတ်

December 27, 2025

ပုံစာ - ရွှေဂဲညိုကျေးရွာတစ်နေရာကို တွေ့ရစဉ်။

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာတွင် စစ်အာဏာရှင်တပ်၊ ပျူစောထီးတို့နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက် ညနေ ၆ နာရီဝန်းကျင်တွင် ရွှေဂဲညိုကျေးရွာရှိ ပျူစောထီး၊ စစ်အာဏာရှင်တပ်သားများကို တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ရွာမှာ စစ်သားတွေရော၊ ပျူစောထီးတွေရော ရှိ‌နေတယ်။ မဲရုံလည်း ရှိနေတယ်။ အဲ‌ဒါတွေကို လာရှင်းတာဖြစ်မယ်။ ကျွန်မတို့လည်း ဘယ်နားပြေးရမှန်း မသိဘူး။ သူတို့ပစ်နေကြတာ မျက်စိရှေ့မှာတင်။ အိမ်ထဲကပဲ နားထောင်နေရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ပစ်ခတ်မှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် ရွှေဂဲညိုရွာပင်လယ်ပြင်သို့ စစ်သင်္ဘောသုံးစီးဖြင့် စစ်ကူများရောက်လာပြီး တော်လှန်ရေးတပ်များရှိရာနေရာကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။

“ရွာမှာတော့ ပျူစောထီးတွေရော စစ်သားတွေရော ၁၀ လောက်ရှိမယ်ထင်တယ်။ ရွေးကောက်ပွဲကာလဆိုတော့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို လုံခြုံရေးယူပေးဖို့ ခြေရှုပ်နေကြတာတော့တွေ့တယ်။ တော်လှန်ရေးတပ်တွေ ကလည်း မဲရုံကိုလာပစ်တာလို့ ထင်တယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှု အခြေအနေအသေးစိတ်ကို မသိရသေးပေ။

ဘုတ်ပြင်းမြို့နယ်သည် ဒီဇင်ဘာလ ၂၈ ရက်တွင်ပြုလုပ်မည့် စစ်အုပ်စု၏ ရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည်။

ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျားကြီးကမူ ပစ်ခတ်မှုဖြစ်သည့် အကြောင်းကြားသိရသော်လည်း အသေးစိတ်အခြေအနေကို မသိရသေးကြောင်း Dawei Watch သို့ ပြောသည်။

“ကောင်းကောင်း အဆက်အသွယ် မရသေးဘူး။ ကျွန်တော်တို့လည်း ဖြစ်တယ်ဆိုတဲ့ အနေအထားတစ်ခုပဲ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။

ယခုနှစ် ဧပြီလ ၁၆ ရက်ကလည်း ရွှေဂဲညိုကျေးရွာတွင် ပျူစောထီးခေါင်းဆောင် ဦးဌေးဝင်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့သေးသည်။

လက်ရှိတွင် ရွှေဂဲညိုကျေးရွာ အပါအဝင် ဘုတ်ပြင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးတပ်တို့ စစ်ရေးတင်းမာနေသည်။