စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲအကြိုနေ့ဖြစ်သည့် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်တွင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ အတွင်းအပြင်ကို လုံခြုံရေးတင်းကျပ်ထားကြောင်း မြို့ ခံချို့က ပြောသည်။
မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်အုပ်စုက ရွေးကောက်ပွဲ အပိုင်းတစ်ကို ကျင်းပမည်ဖြစ်သည်။
ရွေးကောက်ပွဲနေ့မတိုင် စစ်အာဏာရှင်တပ်က ထားဝယ်မြို့ရှိ အဓိကလမ်းမကြီးများ၊ လမ်းသွယ်လမ်းကြားများပါမကျန် လုံခြုံရေးများ ချထားကြောင်း မြို့ခံအချို့က ဆိုသည်။
“မနက်အစောကြီး မြို့ထဲက လမ်းဆုံ၊ လမ်းခွတွေရော၊ လမ်းကြားတွေထဲပါ စစ်တပ်က စောင့်နေကြတယ်။ လမ်းသွား၊ လမ်းလာတွေကိုတော့ စစ်ဆေးတာမရှိဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။
ထားဝယ်မြို့ပေါ် နေရာအနှံ့တွင် လက်နက်အပြည့်အစုံဖြင့် စစ်အာဏာရှင်တပ်ဖွဲ့ဝင်များက လမ်းဆုံ၊ လမ်းခွများတွင် စောင့်ကြပ်နေကြသည့်အပြင် ယာဉ်ထိန်းရဲများ၊ အရပ်ဝတ် ပျူစောထီးများပါတွေ့ရကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
ယင်းသို့ လုံခြုံရေးတင်းကျပ်ထားသဖြင့် အိမ်ပြင်မထွက်ရဲဘဲဖြစ်နေကြောင်း မြို့ခံအချို့က ဆိုသည်။
ထို့အပြင် စစ်အာဏာရှင်တပ်သည် ထားဝယ်မြို့ထဲသို့ ဝင်ရောက်လာနိုင်သည့် လမ်းကြောင်းများကို ကြိုတင် လုံခြုံရေး ယူသည့်အနေဖြင့် မြို့အပြင်ဘက် ပတ်ပတ်လည်တွင်လည်း စစ်ကြောင်းများ တပ်ဖြန့်ထားကြောင်း ဒေသခံများက ဆိုသည်။
စစ်အာဏာရှင်တပ်သည် ထားဝယ်-မြိတ်သွားကားလမ်းတစ်လျှောက်၊ ထားဝယ်-လောင်းလုံးကားလမ်းပိုင်း ညင်းမော်ကျေးရွာနှင့် ၊ ထားဝယ်- မောင်းမကန် ဘက်ခြမ်း စခန်းကြီးကျေးရွာတို့တွင်လည်း တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။
မြို့ထဲရှိ မြို့ခံအချို့မှာ ရွေးကောက်ပွဲအချိန် နီးကပ်လာသည်နှင့်အမျှ မဲပေးရမည်ကို စိုးရိမ်နေကြကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။
“မဲပေးပွဲ မြန်မြန်ပြီးပါစေတော့ပဲ ဆုတောင်းနေရတယ်။ မပြီးမချင်း ကောင်းကောင်းလည်း အိပ်ပျော်မှာ မဟုတ်ဘူး” ဟု အသက် ၆၅ နှစ်အရွယ် မြို့ခံအဖွားတစ်ဦးက ပြောသည်။
ထားဝယ်မြို့နယ်တွင် ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စုအနက် စစ်အုပ်စုပြုလုပ်မည့် ဒီဇင်ဘာလ ၂၈ ရက် ရွေးကောက်ပွဲ အပိုင်းတစ်တွင် ထားဝယ်မြို့အနီးအနားရှိ ကျေးရွာအုပ်စု ၈ အုပ်စုနှင့် မြို့ပေါ် ရပ်ကွက် ၁၅ ခုတို့တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသည်။







