စစ်ကော်မရှင်ကလုပ်သည့် ရွေးကောက်ပွဲ ကျင်းပရန် နာရီပိုင်းသာလိုတော့သော်လည်း ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်သည့် ထားဝယ်မြို့နယ်တွင်တော့ ပဋိပက္ခများစွာဖြင့် ရှုပ်ထွေးနေဆဲအခြေအနေ ဖြစ်နေသည်။
စစ်အာဏာရှင်တပ်များ အင်အားတိုးချထားသည်များရှိသလို လက်နက်ကြီးပစ်ခတ်မှုများ၊ ရွာချင်းဆက်တံတားများ မီးရှို့ဖျက်စီးမှုများ၊ သွားလာခွင့် ပိတ်ပင်တားမြစ်မှုများကို စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း ဆက်တိုက်လုပ်ဆောင်နေသည်။
ကင်းပုန်းချထားသော စစ်အာဏာရှင်တပ်သားများကို နေရာအတော်များများတွင် မြင်တွေ့ရသလို ကောလာဟလ သတင်းမျိုးစုံလည်း ပျံ့နှံ့နေသဖြင့် ပြည်သူလူထုမှာ ကြောက်ရွံ့မှုများဖြင့် အခြေအနေ စောင့်ကြည့်နေကြကြောင်း တွေ့ရသည်။
ခရစ္စမတ်နေ့ ဒီဇင်ဘာလ 25 ရက် ကတည်းကစ၍ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတား မှ ရွှေဂူတံတားအကြားရှိ ကျေးရွာများတွင် စစ်အာဏာရှင်တပ်သားများက တပ်ဖြန့်နေရာယူထားကြောင်း ဒေသခံများထံမှသိရသည် ။
ထားဝယ်မြို့အနီး ရွေးကောက်ပွဲမကျင်းနိုင်သည့် ရှမ္မတွင်းရွာဘက်သို့ ပေါက်တိုင်းတံတားဘက်မှ ခရစ္စမတ်ညက လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံးကျရောက်ပေါက်ကွဲကာ အသက်ငါးဆယ်ဝန်းကျင်အမျိုးသမီးတစ်ဦး ၊ အသက် ဆယ်နှစ်ဝန်းကျင် ကလေးငယ်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရကာ အိမ်မွေးတိရစ္ဆာန် နွားတစ်ကောင်သေဆုံးခဲ့သည်။
“တိုက်ပွဲလည်းမရှိဘူး ။ ဒီအတိုင်းပဲပစ်လိုက်တာ မိန်းမကြီးမှာက တင်ပါးမှာထိတယ် ။ ကလေးမှာက လက်မှာထိတယ် ၊ အခုက ထားဝယ်ဆေးရုံရောက်နေကြတယ်” ဟု ရှမ္မတွင်းအုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးကပြောသည် ။
ရှမ္မတွင်းအုပ်စု သည် ထားဝယ်မြို့နယ် အပြင် သရက်ချောင်းမြို့နယ် နှင့်ပါ တိုက်ရိုက်ဆက်သွယ်နိုင်သည့် ကျေးရွာချင်းဆက်လမ်းများပေါက်ရောက်သည့် ကျေးရွာအုပ်စုဖြစ်သည်။
ယင်းကျေးရွာချင်းဆက်လမ်းပိုင်းများရှိ တံတားလေးစင်းကို စစ်အာဏာရှင်တပ်က ရွေးကောက်ပွဲအကြိုကာလ ဒီဇင်ဘာလဆန်းတွင် ဖြိုချ၍လည်းကောင်း ၊ မီးရှို့၍လည်းကောင်း ဖျက်ဆီးပစ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
” သွားရေးလာရေးကတော့ ခက်ခဲနေတာပေါ့ ။ အပြင် (ပြည်ထောင်စုကားလမ်းမပေါ်) မထွက်တာတောင်ကြာပြီ။ တစ်လလောက်ရှိပြီ ။ စားရေးသောက်ရေးလည်းရှိတာနဲ့ စားသောက်နေရတယ် ။ စုထားဆောင်းထားသူပဲ နည်းနည်းဖူလုံတယ်” ဟု အထက်ပါ ရှမ္မတွင်းအုပ်စု ဒေသခံအမျိုးသမီးကပြောသည် ။
ယင်းမှာ ရွေးကောက်ပွဲကျင်းပမည့် မြို့ဧရိယာသို့ ပြည်သူ့ကာကွယ်ရေးတပ်များက ကျေးရွာချင်းဆက်လမ်းများ အသုံးပြု၍ ဝင်လာနိုင်သည်ကို တွက်ဆ၍ စစ်အာဏာရှင်တပ်က ရွေးကောက်ပွဲမတိုင်မီ လမ်းများဖြတ်တောက်ထားခြင်း ဖြစ်နိုင်သည်။
ပြည်ထောင်စုလမ်းမပေါ်က ပေါက်တိုင်းတံတားဂိတ်ရှိသည့် ကျောက်ရပ်အုပ်စုတွင်မူ ရွေးကောက်ပွဲကိုယခင်အတိုင်း ကျောက်ရပ်၊ဝမော်၊ပေါက်တိုင်း သုံးရွာပေါင်း မဲရုံတစ်ရုံ စီစဥ်ထားကြောင်း ယင်းအုပ်စုက ရွာသားများကဆိုသည်။
” မဲရုံက ရွာလယ်စာသင်ကျောင်းမှာပဲ ၊ မဲစာရင်းကတော့ တဝမ်းကွဲအစ်မမှာ သွားကြည့်လာပေးတာ မိသားစု သုံးယောက်စလုံးပါတယ် ။ မဲပေးရင် မှတ်ပုံတင်ပဲ ယူခဲ့လို့တော့ မဲစာရင်းမှာရေးထားတယ်တဲ့ ။ မဲပေးတာကတော့ ပေးချင်တဲ့လူလည်းရှိမယ် ။ မပေးမယ့်လူလည်းရှိတယ် ။ ပြောရခက်တယ် “ ဟု ကျောက်ရပ်ရွာသားတစ်ဦးကပြောသည် ။
ကျောက်ရပ်အုပ်စုရှိ ထားဝယ်မြို့ကို အပေါ်ကစီး၍ မြင်ရသည့် စပါးတောင်တန်းပေါ်နှင့် ကျေးရွာအတွင်း နေရာအများစုတွင် စစ်အာဏာရှပ်တပ်သားများ ကင်းပုန်းချထားသည်ကို တွေ့ရကြောင်း ၎င်းကပြောဆိုသည်။
ယင်းအုပ်စုမှတစ်ဆင့် သရက်ချောင်းမြို့နယ်ဘက်သို့ ဆင်းလာသည့် လမ်းတစ်လျှောက်ရှိ ကူးတို့၊ ကနိုင်းဒါ ၊ ရှင်မုတ္ထီး ၊ ရွှေဂူ စသည့် ကျေးရွာများတွင်လည်း စစ်အာဏာရှင်တပ်သားများ တောက်လျှောက်တွေ့ရကြောင်း လမ်းသွားလမ်းလာများကဆိုသည် ။
အဆိုပါလမ်းပိုင်းရှိ တံတားဂိတ်များဖြစ်သည့် ပေါက်တိုင်းတံတားဂိတ် ၊ ရွှေဂူတံတားဂိတ် တို့ကို ပိတ်ချနိုင်ကြောင်း သတင်းများထွက်နေသော်လည်း ယခုသတင်းရေးသားသည့် ဒီဇင်ဘာလ 27 ရက်နေ့လယ်ပိုင်း အထိ သွားလာသူများရှိနေဆဲဖြစ်ကြောင်း လမ်းပိုင်း၌ နေထိုင်သူတစ်ဦးကပြောသည်။
” အသွားအလာကတော့ သွားနေတယ် ။ စစ်သားတွေလည်း သူ့ဟာသူရှိနေတယ် ။ သွားတဲ့သူလည်းသွားနေကြတယ် ။ ရွာထဲတော့နည်းနည်းတိတ်ဆိတ်နေတယ် ။ တံတားတွေလည်း အခုထိတော့မပိတ်သေးဘူး ။ မနက်ဖြန်တော့ ပိတ်မပိတ် ပြောမတတ်ဘူး” ဟု ၎င်းကပြောဆိုသည် ။
ရှင်မုတ္ထီးရွာတွင်လည်း ဒီဇင်ဘာလ 26 ရက်ကတည်းက စစ်အာဏာရှင်တပ်သားတွေ ရောက်ရှိနေပြီး ရောင်းမော် ၊ စော်ဖျားကျေးရွာများဘက်သို့ တပ်ဖြန့်သွားသူများရှိသလို ရှင်မုတ္ထီးရွာအတွင်း၌လည်း ကားလမ်း ၊ ရထားလမ်း ၊ ရေချောင်း ၊ ဘုရား စသည့်နေရာများပါမကျန် တပ်ဖြန့်ထားကြောင်း ရွာသားများထံမှသိရသည် ။
ယနေ့ ဒီဇင်ဘာလ 27 ရက်နေ့ နံနက်ပိုင်းတွင်မူ ရှင်မုတ္ထီးကျေးရွာအုပ်စု ၏ မဲရုံပြုလုပ်မည့် စာသင်ကျောင်းတွင် ကွန်တိန်နာတစ်စီး ၊ အရပ်ဝတ် ဝန်ထမ်းအချို့လိုက်လာသည့် ကားတစ်စီး ၊ ဆက်သွယ်ရေးဖျက်တောက် ကိရိယာတပ်(ဂျမ်ဘာ)ကားတစ်စီး ဖြင့် ရောက်လာပြီး ပစ္စည်းများချနေသည်ကို မြင်ရကြောင်း မျက်မြင်တွေ့ရသူတစ်ဦးကပြောသည် ။
” အကုန်မျက်နှာစိမ်းတွေချည်းပဲ ။ သူ့လူနဲ့သူလာတယ် ။ ပစ္စည်းတွေ ပုံးတွေနဲ့ လာချနေတယ် ။ ရွေးကောက်ပွဲဝန်ထမ်းတွေနဲ့တူတယ် ။ အရင်ကဆိုကိုယ့်ရွာကဆရာ၊ဆရာမတွေလေ ။ အခုကမဟုတ်ဘူး သူ့လူနဲ့သူ။ ပြီးတော့ စလောင်းတိုင် ဖုန်းတိုင်လိုမျိုး အပြားကြီးတပ်ထားတဲ့ ကားတစ်စီးလည်း ပါလာတယ်” ဟု ၎င်းကဆိုသည်။
စစ်အာဏာရှင်တပ်သားများတပ်ဖြန့်ထားသဖြင့် ကျေးရွာအတွင်း၌မူ တိတ်ဆိတ်နေပြီး မနက်ဖြန် မဲပေး၊မပေး ဆုံးဖြတ်ချက်ချရန် အချင်းချင်းစောင့်ကြည့်နေဆဲဖြစ်ကြောင်း ဆိုကြသည်။
” ဘယ်သူမှတော့ တက်တက်ကြွကြွ မဲသွားပေးမယ်လို့ တက်ကြွနေတာမတွေ့ရဘူး ။ သူ့ကိုကိုယ်ကြည့် ကိုယ့်ကိုသူကြည့်ပဲ ။ အတင်းအကျပ်မလုပ်ရင်တော့ မထည့်ဘူး ။ ဒါပေမဲ့ သူတို့(စစ်အာဏာရှင်တပ်)မှာ ဘာအစီအစဥ်ရှိမှန်းမသိတော့ အတင်းအကျပ်လာလုပ်ရင်တော့ထည့်ရမှာပေါ့ ” ဟု ရှင်မုတ္ထီးရွာခံအမျိုးသမီးတစ်ဦးကဆိုသည် ။
ထားဝယ်မြို့အထွက်မှ သရက်ချောင်းမြို့နယ်အစ ရွှေဂူတံတားအကြားတွင် ထားဝယ်တောင်ပိုင်းကျေးရွာများအဖြစ် ရှင်မုတ္ထီး၊ ကျောက်ရပ် ၊ ကနိုင်းဒါ ၊ ရှမ္မတွင်း ၊ ကူးတို့ ၊ စော်ဖျား စသည့် ကျေးရွာအုပ်စုများ ပါဝင်ပြီး ၎င်းတို့အနက် ရှမ္မတွင်းအုပ်စု၌ ရွေးကောက်ပွဲ ကျင်းပနိုင်မည်မဟုတ် ဟု စစ်ကော်မရှင်ကကြေညာထားသည် ။
မဲဆွယ်ကာလကလည်း အထက်ပါအုပ်စုများ၌ ပါတီများက မဲဆွယ် ဆိုင်းဘုတ်တချို့လာထောင်ကြပြီး ကွင်းဆင်းမဲဆွယ်သည့်ပါတီမှာ ကြံ့ခိုင်ရေးပါတီတစ်ခုသာတွေ့ရကြောင်း ဒေသခံများထံမှသိရသည် ။
အဆိုပါကျေးရွာအုပ်စုများသည် စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ မနက်ဖြန် ဒီဇင်ဘာလ ၂၈ ရက်တွင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် အကျုံးဝင်သည့် ဒေသများဖြစ်သည်။
လက်ရှိတွင် မဲပေးရမည့် ပြည်သူလူထုမှာ ရွေးကောက်ပွဲထက် အသက်ဘေးကျရောက်မည့် အခြေအနေနှင့် ဖမ်းဆီးခံရမည့်ဘေးကိုသာ တွေးပြီးစိုးရိမ်နေသဖြင့် စိုးတထိတ်ထိတ်ဖြင့် ရွေးကောက်ပွဲကာလကို ဖြတ်သန်းနေကြကြောင်း တွေ့မြင်ရသည်။







