ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွေး‌ကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြသူများကို ဗင်နီဇွဲလားအစိုးရ ပြန်လွှတ်ပေး

December 27, 2025

ဗင်နီဇွဲလားနိုင်ငံတွင် ဇူလိုင်လ ရွေးကောက်ပွဲအပြီး ဆန့်ကျင်ဆန္ဒပြစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ၆၀ ဦးထက်မနည်းကို ဒီဇင်ဘာလ ၂၅ ရက်တွင် အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ မာဒူရိုက တတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ထပ်မံအနိုင်ရရှိခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲမှာ မသမာမှုများရှိကြောင်း အတိုက်အခံများနှင့် နိုင်ငံတကာလေ့လာစောင့်ကြည့်သူများက ဝေဖန်ခဲ့ကြပြီး လူထုဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။

ဆန္ဒပြသူများကို အာဏာပိုင်များက အပြင်းအထန် နှိမ်နင်းခဲ့ပြီး လူပေါင်း ၂,၄၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော်လည်း လက်ရှိအချိန်အထိ လူ ၂,၀၀၀ နီးပါးခန့်သာ ပြန်လည်လွတ်မြောက်သေးသည်။

ယခုကဲ့သို့ ပြန်လည်လွှတ်ပေးမှုများ ရှိနေသော်လည်း လူပေါင်းရာနှင့်ချီ အကျဉ်းထောင်များအတွင်း ကျန်ရှိနေသေးကြောင်း လူ့အခွင့်အရေးအဖွဲ့များက ဆိုသည်။

ဗင်နီဇွဲလားအခြေစိုက် ဥပဒေဆိုင်ရာ အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခု ဖြစ်သည့် Foro Penal ၏ အဆိုအရ နိုင်ငံတစ်ဝန်းတွင် အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၉၀၂ ဦး ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်။

တက်ကြွလှုပ်ရှားသူများနှင့် ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကော်မတီက အကျဉ်းသားလွှတ်ပေးမှုများသည် ခရစ္စမတ်နေ့ နံနက်အစောပိုင်းက စတင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

ပြန်လွှတ်ပေးသင့်သည့် အချိန်ထက် များစွာ နောက်ကျပြီးမှ ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။

“မတရားဖမ်းဆီးထိန်းသိမ်းမှု လုံးဝမခံရသင့်တဲ့ ဗင်နီဇွဲလားနိုင်ငံသား ၆၀ ကျော် ပြန်လည်လွတ်မြောက်လာမှုကို ကျွန်မတို့ ကြိုဆိုဂုဏ်ပြုပါတယ်” ဟု ကော်မတီအကြီးအကဲ အန်ဒရီနာ ဘာဒူရယ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

“သူတို့ဟာ အတိုင်းအတာတစ်ခုအထိပဲ လွတ်မြောက်လာတာဖြစ်ပေမဲ့ သူတို့တွေ အပြည့်အဝ လွတ်လပ်ခွင့်ရဖို့နဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ဖို့အတွက် ကျွန်မတို့ ဆက်လက်ကြိုးပမ်းသွားမှာပါ” ဟု သူမက ထပ်လောင်းပြောကြားသည်။

ပြန်လည်လွတ်မြောက်လာသူများအပေါ် မည်သည့်ဥပဒေဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ထားသည်ဆိုသည့် အချက်အလက်အသေးစိတ်ကိုမူ မသိရှိရသေးပေ။

ခရစ္စမတ်နေ့က ပြန်လည်လွတ်မြောက်လာသူများသည် နိုင်ငံမြို့တော်ကာရာကပ်စ်မှ ၁၃၄ ကီလိုမီတာခန့်ကွာဝေးသော အာရာဂွာပြည်နယ်ရှိ တိုကိုရွန် (Tocoron) အဆင့်မြင့်လုံခြုံရေးအကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသူများဖြစ်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောဆိုသည်။

အကျဉ်းသားအချို့ လွတ်မြောက်လာခြင်းကို ဝမ်းမြောက်မိသော်လည်း ဆက်လက်အကျဉ်းကျခံနေရသူများ၏ မိသားစုဝင်များ၏ သောကကိုမူ များစွာလျော့ပါးစေခြင်း မရှိကြောင်း ဘာဒူရယ်က ပြောသည်။

“နိုင်ငံရေးအကျဉ်းသား ရှိနေတဲ့ မိသားစုပေါင်း တစ်ထောင်ကျော် ကျန်နေသေးတယ်ဆိုတာကို ကျွန်မတို့ သတိရရပါမယ်” ဟု သူမက ဆိုသည်။

Source: Reuters ၊ AFP