ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လူမျိုးစုံနိုင်ငံထဲက လွန်ဆွဲနေတဲ့ ဝိညာဉ်များ

December 27, 2025

မောင်းမကန်မှာ မွေးတဲ့ ထားဝယ်လူငယ်တစ်ယောက်။

သူ့နာမည် ‘ဖစုကမ်း’ ဆိုပါစို့။

ဖစုကမ်းဟာ သူ့တစ်သက်တာမှာ ထားဝယ်လူမျိုးအားလုံးကို တွေ့ဖူး ၊ မြင်ဖူး ၊ သိကျွမ်းရင်းနှီးဖူးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ‘ငါတို့ဟာ ထားဝယ်လူမျိုးတွေပဲ’ ဆိုတဲ့ ခံစားချက် ရှိနေပါတယ်။

ဒါကြောင့်ပဲ အမျိုးသားထု (Nation) ဆိုတာဟာ ‘စိတ်ကူးယဉ်ဖန်တီးထားတဲ့ နိုင်ငံရေးအသိုက်အဝန်းတစ်ခု’ – An imagined political community လို့ ပညာရှင် Benedict Anderson က ဖွင့်ဆိုခဲ့ပါတယ်။

အမျိုးသားထု (Nation) ဆိုတာဟာ ‘စိတ်ကူးယဉ်ဖန်တီးထားတဲ့ နိုင်ငံရေးအသိုက်အဝန်းတစ်ခု’လို့ ဆိုပေမယ့် လက်တွေ့ဘဝမှာ ဘာအကျိုးသက်ရောက်မှုမှ မရှိတဲ့ စိတ်ကူးသက်သက် ဖန်ဆင်းချက်တစ်ခုလို့ ပြောနိုင်ပါ့မလား။

အဖိနှိပ်ခံလူနည်းစုအမျိုးသားထုဝင် လူသားတစ်ယောက်မို့လို့ ကြုံရတဲ့ ဒုက္ခတွေ ကမ္ဘာမြေပေါ် ဒုနဲ့ဒေးပါပဲ။ အမျိုးသားထုတစ်ရပ်ဟာ မိမိအနာဂတ်အတွက် မိမိမှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိဘူး ၊ ကိုယ့်အနာဂတ် ကိုယ်တိုင်စီရင်ပြဌာန်းပိုင်ခွင့်မရှိဘူးဆိုရင် – ရသော ဒုက္ခကို ဆိုခဲ့ပါ အမျိုးသားထုဝင် မိသားစုတွေ သားစဉ်မြေးဆက် ခံစားရပါတယ်။ ဒါကြောင့်ပဲ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ဖို့ ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့ တိုက်ပွဲဝင်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှုတွေ ကမ္ဘာမှာ ရှိနေရတာပဲ။ ဒါကိုပဲ ‘အမျိုးသားရေးဝါဒ’ လို့ တချို့က ဝိဂြိုဟ်ပြုကြပါတယ်။

ဒါပေမဲ့ အခြေအနေတချို့မှာ ကိုယ်တိုင်ပြဌာန်းခွင့်တောင်းဆိုမှုထက် အမျိုးသားဝိညာဉ် တည်ဆောက်ရေး (Nation Building) ကြိုးပမ်းမှုတွေဟာ အရင်ပေါ်ပေါက်လာလေ့ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုရာမှာ အဲဒီ ‘ကိုယ်’ ဆိုတာက ဘယ်သူတွေလဲ ၊ တနည်း ‘ငါတို့ ဘယ်သူတွေလဲ’ ဆိုတာကို အရင်ဆုံး သတ်မှတ်ဖော်ထုတ်ဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။

“အမျိုးသားဝိညာဉ် တည်ဆောက်ရေး (Nation Building) ဆိုတာဟာ မျှဝေလက်ခံထားတဲ့ မှတ်ဉာဏ်တွေ ၊ ယဉ်ကျေးမှုဓလေ့တွေ ၊ တန်ဖိုးထားမှုတွေ ၊ ဘာသာစကားတွေနဲ့ ဘုံအမှတ်အသားသရုပ်ကို တည်ဆောက်ခြင်း ဖြစ်တယ်” လို့ ဖရန်စစ်ဖူကူးယားမားက အဓိပ္ပါယ်ဖွင့်ပါတယ်။

အလွယ်ပြောရရင်တော့ အမျိုးသားဝိညာဉ်တည်ဆောက်ရေး (ဝါ) အမျိုးသားဝိသေသလက္ခဏာ တည်ဆောက်ရေး ဆိုတာဟာ ‘ငါတို့ ဘယ်သူတွေလဲ’ ဆိုတာကို တည်ဆောက်ခြင်း ပဲ။ ‘ငါတို့ ဘယ်သူတွေလဲ’ ဆိုတာကို အရင်တည်ဆောက်ပြီးမှ ‘ငါတို့ရဲ့ အခွင့်အရေး’ ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တောင်းဆိုတိုက်ပွဲဝင်ရတဲ့သဘော ဖြစ်ပါတယ်။

ဆိုခဲ့ပါ ‘ငါတို့ ဘယ်သူတွေလဲ’ ဆိုတဲ့ အမျိုးသားဝိညာဉ်ကို ‘ဖန်တီး ၊ ပြုစု ၊ ပျိုးထောင် ၊ ပုံဖော် ၊ လှုံ့ဆော် ၊ စည်းရုံး’ ပေးရတယ်လို့ Negotiating Nationalism စာအုပ်ကို ရေးတဲ့ Wayne Norman က ဆိုပါတယ်။ ဒါပေမဲ့ ဒီလို ဖန်တီးပျိုးထောင်ပုံဖော်ရာမှာ လူများစုအမျိုးသားထုနဲ့ လူနည်းစု အမျိုးသားထုအကြား လွန်ဆွဲမှုကို လူမျိုးစုံပေါင်းစု နေထိုင်တဲ့ နိုင်ငံတွေမှာ တွေ့ရလေ့ရှိပါတယ်။

လူမျိုးစုံရှိတဲ့ နိုင်ငံတွေမှာ နိုင်ငံတော်အင်စတီကျူးရှင်းတွေကို လူများစုအမျိုးသားထုက လွှမ်းမိုးချုပ်ကိုင်ထားနိုင်လေ့ရှိပါတယ်။ လူများစုအမျိုုးသားထုဟာ လူနည်းစုအမျိုးသားထုကို သူတို့ လူများစုထဲ သွတ်သွင်းပေါင်းစပ်ဖို့အတွက် နိုင်ငံတော်အင်စတီကျူးရှင်းတွေကို အသုံးပြုလေ့ရှိပါတယ်။ ဒါကို လူနည်းစုတွေဘက်က ဆန့်ကျင်ကြပါတယ်။ လူနည်းစုအမျိုးသားတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်အမျိုးသားဝိညာဉ်ကို မြှင့်တင်နိုင်အောင် ကြိုးစားကြပါတယ်။ ဒါဟာ လူမျိုးစုံနိုင်ငံထဲက အမျိုးသားရေးဝါဒနှစ်ခုရဲ့ လက်မောင်းလှဲပွဲပါပဲ။

ဒီလွန်ဆွဲအားပြိုင်မှုထဲမှာ လူနည်းစုရဲ့ အမျိုးသားရေးဝါဒကို သဘောထားကျဉ်းမြောင်းတဲ့ အရာအဖြစ် ရှုမြင်ခံရတာ ရှိပါတယ်။ ဒါပေမဲ့ လူများစုကတော့ သူတို့မှာလည်း အမျိုးသားရေးဝါဒ ရှိတယ်ဆိုတာကို မမြင်နိုင် ဖြစ်နေပါတယ်။ အကြောင်းရင်းတွေထဲက တစ်ခုကတော့ နိုင်ငံတော်အင်စတီကျူးရှင်းတွေပါပဲ။

လူမျိုးစုံရှိတဲ့ နိုင်ငံတွေမှာ အမျိုးသားရေးဝါဒနှစ်ရပ်စလုံး တွဲဘက်ဖြစ်ထွန်း ရှင်သန်နိုင်ဖို့အတွက်ဆိုရင် လူများစုအနေနဲ့ သူတို့မှာလည်း အမျိုးသားရေးဝါဒ ရှိနေတယ်ဆိုတာကို မြင်နိုင်ဖို့ လိုပါတယ်။ ဒါကို Charles Ferreira ရဲ့ Nation-building in a multinational state’ ဆောင်းပါးမှာ ဆလိုက်မီးထိုးပြထားပါတယ်။

နိုင်ငံတော်ရဲ့ ဘက်မလိုက်မှု အယူအဆ

‘ကောင်းမွန်တဲ့ ဘဝ’ ဆိုတာ ဘာလဲ။

ဒီမေးခွန်းနဲ့ ပတ်သက်လို့ တစ်ခုတည်းသော ပရမတ် အဖြေမှန် မရှိနိုင်ပါဘူး။ ဒါကြောင့်ပဲ နိုင်ငံတော်(State) ရဲ့ တာဝန်ဟာ နိုင်ငံသားတစ်ဦးချင်းစီက သူတို့ယုံကြည်ရာ ဘဝရည်မှန်းချက်တွေကို ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ စိတ်ကြိုက်အကောင်အထည်ဖော်နိုင်အောင် ဘက်မလိုက်ဘဲ ကြားနေပေးရမယ်လို့ လစ်ဘရယ်နိုင်ငံရေးအတွေးအခေါ်နယ်ပယ်မှာ လက်ခံလာခဲ့ပါတယ်။

‘နိုင်ငံတော်ရဲ့ ဘက်မလိုက်မှု’ (State’s neutrality) အတွေးအခေါ်ကို လူမျိုးရေး ၊ အမျိုးသားရေးကိစ္စတွေအထိပါ တိုးချဲ့ကျင့်သုံးနိုင်တယ်လို့ ယူဆကြပါတယ်။ ဒီလို ကျင့်သုံးမယ်ဆိုရင် နိုင်ငံတော်အနေနဲ့ ဘယ်လူမျိုးစု ၊ ဘယ်အမျိုးသားထုကိုမှ အထူးအခွင့်အရေးပေးတာမျိုး မရှိဘဲ ဘက်မလိုက်တဲ့ မူဘောင်တစ်ခုအောက်မှာ စီမံခန့်ခွဲသွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအယူအဆအရ ခေတ်သစ်နိုင်ငံတွေဟာ နိုင်ငံထဲက ယဉ်ကျေးမှုကွဲပြားမှုတွေကို ကျော်လွှားနိုင်ဖို့အတွက် လူတစ်ဦးချင်းစီရဲ့ သဘောတူညီမှုနဲ့ အခြေခံ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြရတယ်လို့ ဆိုပါတယ်။ လူမျိုးစုအပေါ် အခြေမခံတဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို ဥပဒေကြောင်းအရ အခိုင်အမာ ပြဋ္ဌာန်းကြပါတယ်။ ကနေဒါနိုင်ငံရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ဆိုင်ရာ ပဋိညာဉ်စာတမ်း ဒါမှမဟုတ် ၁၉၇၈ စပိန်အခြေခံဥပဒေတို့မှာ ဒါကို တွေ့နိုင်ပါတယ်။

ဘက်မလိုက်ခြင်းရဲ့ ဘက်လိုက်မှု

ဆိုခဲ့ပါ ‘နိုင်ငံတော်ရဲ့ ဘက်မလိုက်မှု’ အယူအဆဟာ လူမျိုးပေါင်းစုံ နေထိုင်ရာ နိုင်ငံတွေမှာတော့ လူများစုအမျိုးသားထုအတွက် ပိုအကျိုးအမြတ်ရှိစေပါတယ်။ အကြောင်းရင်းနှစ်ရပ် ရှိပါတယ်။

ပထမအချက်ကတော့ နိုင်ငံတော်(State)ရဲ့ အင်စတီကျူးရှင်းတွေဟာ လူမျိုးရေးနဲ့ အမျိုးသားရေးကိစ္စတွေမှာ လုံးဝဥဿုံ ကြားနေဖို့ဆိုတာ မဖြစ်နိုင်လို့ပါပဲ။ ဥပမာ – ‘ဘယ်ဘာသာစကားကို တရားဝင်ရုံးသုံးဘာသာစကားအဖြစ် သုံးမလဲ’ ၊ ‘ဘယ်ရက်တွေကို အစိုးရရုံးပိတ်ရက် သတ်မှတ်မလဲ’ ဆိုတဲ့ အခြေခံကျကျ ဆုံးဖြတ်ချက်တွေဟာ တစ်ခုသော အမျိုးသားရေးရှုထောင့်မှာပဲ အခြေခံထားတာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ လူမျိုးစုံရှိတဲ့ နိုင်ငံတွေမှာ နိုင်ငံတော်ရဲ့ တရားဝင်အမှတ်တံဆိပ်နဲ့ ကြန်အင်လက္ခဏာဟာ လူများစုအမျိုးသားထုရဲ့ ပုံရိပ်ကို ဆက်လက်ထင်ဟပ်နေဆဲ ဖြစ်ပါတယ်။ ဒါဟာ လူများစုရဲ့ အမျိုးသားရေးဝါဒကို သတိမထားမိလောက်အောင် ပုံမှန်ဖြစ်စဉ်တစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ပါတယ်။ ဥပမာပြရရင် အစိုးရရုံးဌာနတွေမှာ အမြဲတမ်းလွှင့်ထူထားတဲ့ နိုင်ငံတော်အလံဆိုတာကို လူများစုအမျိုးသားရေးဝါဒရဲ့ ပြယုဂ်တစ်ခုမှန်း ထွေထွေထူးထူး သတိမပြုမိတော့သလိုမျိုးပါပဲ။

ဒါကြောင့်ပဲ လူများစုအမျိုးသားထုဟာ သူတို့ကိုယ်သူတို့ တစ်နိုင်ငံလုံးရဲ့ ဘုံဝိသေသလက္ခဏာကို ဆောင်ကြဉ်းသူတွေလို့ ရှုမြင်မှတ်ယူကြပါတယ်။ ဒါကြောင့်ပဲ လူများစုအမျိုးသားထုဟာ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဝိသေသလက္ခဏာဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ ခဲယဉ်းတတ်ကြပါတယ်။ လူများစုအမျိုးသားထုဟာ လက်ရှိနိုင်ငံတော်အပေါ် သူတို့ရဲ့ သစ္စာခံမှုကို အမျိုးသားရေးဝါဒလို့ မြင်တာထက် တိုင်းချစ်ပြည်ချစ်စိတ်လို့ပဲ မြင်ကြပါတယ်။ ဒီလို သစ္စာခံမှုကို ဒီမိုကရေစီစံနှုန်းတွေ၊ လစ်ဘရယ်တန်ဖိုးတွေနဲ့ ကမ္ဘာ့နိုင်ငံသားစိတ်ဓာတ်(Cosmopolitanism)အပေါ် အခြေခံတယ်လို့တောင် ယူဆကြတာ ရှိပါတယ်။

နိုင်ငံတော်အင်စတီကျူးရှင်းတွေကို မချုပ်ကိုင်ထားနိုင်တဲ့အတွက် လူနည်းစုအမျိုးသားထုမှာ သူတို့ရဲ့ အမျိုးသားရေးဝိညာဉ်ကို မြှင့်တင်ဖို့ ကိရိယာ ပိုနည်းပါတယ်။ ဒါကြောင့်ပဲ လူနည်းစုအမျိုးသားထုဟာ သူတို့ရဲ့ သီးခြားဖြစ်တည်မှုကို အလေးပေးဖော်ပြရင်း နိုင်ငံတော်ကို စိန်ခေါ်ကြပါတယ်။ ဒါကိုပဲ လူများစုက လူနည်းစုရဲ့ အမျိုးသားရေးဝါဒကို သဘောထားကျဉ်းမြောင်းပြီး တစ်ဖက်သတ်ဆန်တဲ့အရာ ၊ နိုင်ငံမတည်ငြိမ်မှုကို ဖြစ်ပေါ်စေတဲ့အရာအနေနဲ့ ရှုမြင်လေ့ရှိပါတယ်။

ဒုတိယအချက်ကတော့ ‘အမျိုးသားညီညွတ်ရေး’ အယူအဆပါပဲ။ ဒါက ပထမအချက်ထက်တောင် လူများစုအတွက် ပိုအကျိုးပြုပါတယ်။ တကယ်တော့ လူများစုအမျိုးသားထုက ပြောဆိုနေတဲ့ ဒီမိုကရေစီနဲ့ လစ်ဘရယ်စံတန်ဖိုးတွေဟာ လေဟာနယ်ထဲမှာ လည်ပတ်နေတာ မဟုတ်ပါဘူး။ သတ်မှတ်ထားတဲ့ အမျိုးသားရေးမူဘောင်တစ်ခု အတွင်းမှာ လည်ပတ်နေတာ ဖြစ်ပါတယ်။ စပိန်ရဲ့ တရားရေးစနစ်ကို ကြည့်မယ်ဆိုရင် နိုင်ငံတော် မပြိုကွဲရေးနဲ့ ညီညွတ်ရေးကို အခြေခံဥပဒေရဲ့ အဓိကမဏ္ဍိုင်အဖြစ် အခိုင်အမာ ပြဌာန်းထားပါတယ်။ ဒီလိုအခြေအနေမှာ ‘နိုင်ငံတော်ရဲ့ ဘက်မလိုက်မှု’ ဆိုတာဟာ လက်ရှိနိုင်ငံတော်ရဲ့ တည်ဆဲအနေအထား(Status quo)ကို ဆက်ထိန်းထားဖို့ပဲ ဖြစ်နေပါတယ်။ သူ့ရဲ့ အန္တိမပန်းတိုင်ဟာ လူများစုအမျိုးသားထုက ရှုမြင်ထားတဲ့ လက်ရှိနိုင်ငံတော်ရဲ့ စည်းလုံးညီညွတ်ရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကိုပဲ ဦးတည်နေတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ‘နိုင်ငံတော်ရဲ့ ဘက်မလိုက်မှု’ အယူအဆဟာ လူများစုအမျိုးသားထုရဲ့ အမျိုးသားရေးရည်မှန်းချက်တွေကို အကာအကွယ်ပေးရာ ရောက်နေပါတယ်။ လူများစုအမျိုးသားထုဘက်က ပြီးမြောက်အောင်မြင်ချင်တဲ့ အမျိုးသားရေးရည်မှန်းချက်တွေဟာ အကာအကွယ်တစ်ခုအောက်မှာ ခိုင်ခိုင်မာမာ ရှိနေတာ အထင်အရှားပါပဲ။ အဲဒီအကာအကွယ်က ဘာလဲ။ ‘နိုင်ငံတော်ရဲ့ ဘက်မလိုက်မှု’ ဆိုတဲ့ အယူအဆပါပဲ။

ဝိညာဉ်တော်နှစ်ပါး နမ်းစေသား

နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေထဲမှာ လူများစုရဲ့ အမျိုးသားဝါဒကို ဌာပနာထားပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ လူများစုအနေနဲ့ လူနည်းစုတွေလိုမျိုး အမျိုးသားရေးဝါဒ အခြေခံသဘောတရား‌ အယူအဆတွေကို ပြောဆိုစည်းရုံးလှုံ့ဆော်နေစရာမလိုတော့ပါဘူး။ လူများစုအနေနဲ့ သူတို့ရဲ့ အမျိုးသားရေးရည်မှန်းချက်ကို ပြောမယ်ဆိုရင် နိုင်ငံတော်ဥပဒေကို ကိုးကားလိုက်ရုံပါပဲ။ သူတို့ရဲ့ အမျိုးသားရေးရည်မှန်းချက်တွေကို လစ်ဘရယ်ဒီမိုကရေစီ ဇာတ်ကြောင်းထဲကနေ ပြောနိုင်တဲ့ အနေအထားဖြစ်အောင် နိုင်ငံတော်အင်စတီကျူးရှင်းတွေက ဖန်တီးပေးထားရာ ရောက်နေပါတယ်။ ဒါကြောင့် လူအများစုရဲ့ အမျိုးသားရေးဝါဒဟာ ထင်သာမြင်သာ မရှိဘဲ ဖြစ်တည်ခွင့်အပြည့်ပါပဲ။ သူတို့မှာလည်း အမျိုးသားရေးဝါဒ ရှိနေတယ်ဆိုတာကို လူများစုအမျိုးသားထုက မမြင်နိုင်တော့ပါဘူး။

နိုင်ငံတော်အင်စတီကျူးရှင်းတွေကို ချုပ်ကိုင်ထားနိုင်ခြင်း မရှိတဲ့ လူနည်းစုအမျိုးသားထုကတော့ သူတို့ရဲ့ အမျိုးသားရေးရည်မှန်းချက်အတွက် အမျိုးသားရေးဝါဒ အခြေခံသဘောတရားတွေကို မဖြစ်မနေ ကိုင်စွဲပြောဆိုရပါတယ်။ လူများစုအမျိုးသားထုမှာ အမျိုးသားရေးဝါဒ အခြေခံသဘောတရားတွေကို ကိုင်စွဲပြောဆိုမှု မရှိတာဟာ သူတို့အဖို့ အဲဒီလို ပြောနေစရာမလိုတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း အမျိုးသားရေးဝါဒ ရှိတယ်ဆိုတာကို လူများစုအနေနဲ့ နားလည်လက်ခံဖို့ လိုပါတယ်။ ဒါဟာ လူမျိုးစုံရှိတဲ့ နိုင်ငံတွေမှာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ပထမဆုံး ခြေလှမ်းပါပဲ။

လူမျိုးပေါင်းစုံ နေထိုင်တဲ့ နိုင်ငံမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် လူများစုအမျိုးသားထုဟာ နိုင်ငံတော်ကို သူတို့ တစ်ဦးတည်း ပိုင်ဆိုင်တယ်လို့ မမှတ်ယူသင့်သလို၊ လူနည်းစုအမျိုးသားထုတွေအနေနဲ့လည်း နိုင်ငံတော်ကို သူတို့နဲ့ မသက်ဆိုင်တဲ့အရာလို မခံစားရစေတဲ့ နိုင်ငံရေးပိတ်ကား ပေါ်လာဖို့ လိုပါတယ်။ ဒါဟာ စုံလင်ကွဲပြားမှုရဲ့ အလှကို မြင်ခွင့်ရစေမယ့် ပြည်ထောင်စုပိတ်ကားပါပဲ။

ဆိုပါစို့။ သူရိသတင်းစာနဲ့ ထားဝယ်သမဂ္ဂအသင်းတို့ စပေါ်တဲ့ ၁၉၁၁ ခုနှစ်မှာ ရန်ကုန်သား ဗမာလူငယ်တစ်ယောက်ဟာ အိန္ဒိယနိုင်ငံ ၊ ကာလကတ္တားကို ရောက်သွားတယ် ဆိုပါစို့။ ‘ငါ့နိုင်ငံကို ငါ ရောက်နေတာပဲ’ လို့ သူ့စိတ်ထဲမှာ ခံစားရနိုင်ပါသလား။

တကယ်တော့ အဲဒီအချိန်တုန်းက ကာလကတ္တားနဲ့ ရန်ကုန်ဟာ ဗြတိသျှကိုလိုနီအုပ်ချုပ်မှုအောက်မှာ တစ်နိုင်ငံတည်းက မြို့နှစ်မြို့ပါပဲ။

ဒါပေမဲ့ ကာလကတ္တားရောက် ဗမာလူငယ်ရဲ့ စိတ်ထဲမှာတော့ သူ့နိုင်ငံ သူ ရောက်နေတယ်လို့ ခံစားရမယ် မထင်ပါ။

အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမှာ ရန်ကုန်ကို ရောက်လာတဲ့ ဘယ်တိုင်းရင်းသားလူငယ်မဆို ကာလကတ္တားရောက် ဗမာလူငယ်လိုမျိုး မခံစားရဖို့ လိုမှာပါ။

စျာန်ဟိန်း

စာညွှန်း –

Nation-building in a multinational state (Charles Ferreira)

Imagined Communities (Benedict Anderson)

Negotiating Nationalism (Wayne Norman)