ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်း-ကမ္ဘောဒီးယား အပစ်ရပ်မှု စတင်အသက်ဝင်

December 27, 2025

ထိုင်းနှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီချက်သည် ယနေ့ ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာရီတွင် စတင်အသက်ဝင်လာခဲ့ပြီ ဖြစ်သည်။

သီတင်းပတ်များစွာ ဖြစ်ပွားခဲ့သည့် နယ်စပ်ပဋိပက္ခကို ရပ်တန့်ရန် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် နှစ်နိုင်ငံအကြား သဘောတူညီမှု ရရှိခဲ့ကြသည်။

အဆိုပါ အပစ်ရပ်သဘောတူညီမှုကို ၇၂ နာရီကြာ စောင့်ကြည့်သွားမည်ဟု သိရသည်။

ယခု နယ်စပ်ပဋိပက္ခသည် အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ ဖြစ်သည်။

တိုက်လေယာဉ်များ အသုံးပြုခြင်း၊ ဒုံးကျည်များဖြင့် အပြန်အလှန် ပစ်ခတ်ခြင်းနှင့် အမြောက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပါဝင်ခဲ့သည်။

‘မိမိတို့ နှစ်ဖက်စလုံးအနေဖြင့် လက်ရှိတပ်ဖြန့်ထားမှုများကိုသာ ဆက်လက်ထိန်းသိမ်းသွားရန်နှင့် ထပ်မံရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန် သဘောတူညီပါသည်’ ဟု နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ၏ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

‘မည်သည့် စစ်အင်အား ဖြည့်တင်းမှုမဆို တင်းမာမှုများကို ပိုမိုမြင့်တက်စေပြီး လက်ရှိအခြေအနေကို ဖြေရှင်းရန် ရေရှည်ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ဆိုးကျိုးသက်ရောက်စေလိမ့်မည်’ ဟု ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်မှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

သဘောတူညီချက်ကို ထိုင်းကာကွယ်ရေးဝန်ကြီး နတ်သဖွန် နက်ဖနစ်နှင့် ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး တီးဆေးဟတို့ လက်မှတ် ရေးထိုးခဲ့သည်။

လူ ၁၀၁ ဦးထက်မနည်း သေဆုံးပြီး နှစ်ဖက်နိုင်ငံသား ငါးသိန်းကျော် နေရပ်စွန့်ခွာခဲ့ရသည့် ရက်ပေါင်း ၂၀ ကြာ တိုက်ပွဲများသည် အဆိုပါ သဘောတူညီချက်ကြောင့် ပြီးဆုံးသွားခဲ့သည်။

ယခင်နယ်စပ်ပဋိပက္ခတိုက်ပွဲများကို ရပ်တန့်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့က ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးနောက် ဒီဇင်ဘာ လဆန်းပိုင်းတွင် နှစ်နိုင်ငံအကြား တိုက်ပွဲများ တစ်ကျော့ပြန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၈၁၇ ကီလိုမီတာရှည်လျားသော ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ကုန်းမြေနယ်စပ်တလျှောက်ရှိ နယ်နိမိတ် တိတိကျကျ သတ်မှတ်ထားခြင်းမရှိသည့် နေရာအများအပြားတွင် နယ်မြေပိုင်ဆိုင်မှုအရေး အငြင်းပွားမှုများသည် ရာစုနှစ် တစ်ခုကျော်ကြာ ဖြစ်ပွားလာခဲ့သည်။

ယင်းအငြင်းပွားမှုသည် ရံဖန်ရံခါတွင် ထိတွေ့တိုက်ပွဲများနှင့် စစ်ပွဲများအဖြစ်သို့ ကူးစက်ပေါက်ကွဲလေ့ရှိသည်။

Source: Reuters