ရွေးကောက်ပွဲရက်နီးလာသဖြင့် မြိတ်-ကော့သောင်း ကားလမ်းကြောင်း တစ်လျှောက်ရှိ လမ်းပိုင်းများ ဖြတ်သန်းခွင့် ပိတ်ထားသည်ဟု ယာဉ်လိုင်းလုပ်ငန်းရှင်များနှင့်ကုန်ကားသမားအချို့က ပြောသည်။
ရန်ကုန်မှ ထားဝယ်-ပလောက်အထိ ပုံမှန်တိုင်းသွားလာရသော်လည်း ပုလော-ပလောက်-ပလမှ မြိတ်-ကော့သောင်းအထိ လမ်းကြောင်းမှာ ပြတ်တောက်ပိတ်ဆို့မှုများရှိသည်ဟု ၎င်းတို့ကပြောသည်။
ပုလော-ပလောက်-ပလ-မြိတ်လမ်းကြောင်းကို ဒီဇင်ဘာ ၂၆ ရက်နေ့မှစကာ စစ်အာဏာရှင်တပ် ဂိတ်များက ဖြတ်သန်းခွင့် ပိတ်လိုက်သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLAနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF အဖွဲ့များ၏ စစ်ဆေးရေးဂိတ်များကလည်း ပိတ်ထားကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူများနှင့် ကားသမားအချို့က ပြောသည်။
“ကျွန်တော်တို့ကားတွေကတော့ မနေ့တည်းက ပုလောမှာပိတ်မိနေတယ်၊ လမ်းကြောင်းကတော့ ဘယ်အချိန်ပြန်ဖွင့်မလဲမသိဘူး၊ ပိတ်တာကတော့ နှစ်ဖက်စလုံးက ပိတ်ထားတာ” ဟု ကုန်ကားသမားတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သဖြင့် ရန်ကုန်၊ထားဝယ်၊မြိတ်၊ ကော့သောင်းအထိ အမှတ် ၈ ပြည်ထောင်စုကားလမ်းတစ်လျောက်တွင် စစ်အာဏာရှင်တပ်က လုံခြုံရေးယူထားပြီး ကင်းပုန်းဝပ်ခြင်းများရှိသည်ဟု စစ်ရေးသတင်းအရင်းအမြစ်အချို့နှင့် ဒေသခံအချို့က ပြောသည်။
မြိတ်-ကော့သောင်းလမ်းကြောင်းနှင့် ရန်ကုန်-ထားဝယ် လမ်းကြောင်းမှာ ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်ကစပြီး ပိတ်မည်ဟု နှစ်ဖက်စစ်ဆေးရေးဂိတ်များက ပြောဆိုထားသလို ကားသမားအချို့လည်း ခရီးစဉ်ပြေးဆွဲမှုကို ရပ်နားကြမည်ဟု ပြောဆိုသည်။
ပုလော-မြိတ် လမ်းကြောင်းပြတ်တောက်ပိတ်ဆို့မှုကြောင့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ လမ်းတစ်လျောက်ပိတ်မိနေသည်ဟု ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့နှင့် ကားသမားအချို့က ပြောသည်။







