BREAKING
November 27, 2025

သရက်ချောင်း၊ ပြင်းဖြူကြီးရွာက နေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ် မီးရှို့ဖျက်ဆီး

November 27, 2025

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူကြီးရွာက အရပ်သားနေအိမ်တစ်လုံးကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်-မြိတ် ကားလမ်းတစ်လျှောက် စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၂၆ရက် နံနက် ၉ နာရီခန့်တွင် ပြင်းဖြူကြီးရွာသို့ ရောက်ရှိလာပြီး နေအိမ်များတွင် ဝင်ရောက်တပ်စွဲခဲ့ကြောင်း ပြင်းဖြူကြီးရွာမှ ဒေသခံအချို့က ဆိုသည်။

စစ်အာဏာရှင်တပ် ရွာထဲ တပ်စွဲထားစဉ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး ယင်းနောက် ညနေ ၄ နာရီကျော်တွင် စစ်အာဏာရှင်တပ်က အရပ်သားနေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“အိမ်က (စစ်အာဏာရှင်တပ်) မီးရှို့ခဲ့တာ” ပြင်းဖြူကြီးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်အာဏာရှင်တပ်က မီးရှို့ပြီးနောက် မီးခိုးလုံးများကို အဝေးက မြင်တွေ့နေရကြောင်း စစ်ကြောင်းဝင်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

စစ်အာဏာရှင်တပ် ရွာထဲသို့ မဝင်ရောက်ခင် ဒရုန်းဖြင့် ဗုံးချခဲ့ပြီး စစ်အာဏာရှင်တပ် ရွာထဲရောက်ချိန်တွင် တော်လှန်ရေးတပ်ဘက်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ယင်းသို့ ရွာထဲကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့မှုများကြောင့် လူနေအိမ်အချို့ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့က ပြောဆိုသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှု၊ မီးရှို့နေမှုကြောင့် ဒေသခံများ ရွာတွင် ဆက်မနေရဲသဖြင့် အခြားဘေးလွတ်ရာကို ခေတ္တထွက်ပြေး တိမ်းရှောင်နေကြပြီး စစ်အာဏာရှင်တပ် နိုဝင်ဘာလ ၂၆ရက် ညနေပိုင်း ဆုတ်ထွက်သွားချိန်တွင် ဒေသခံများ ပြန်လာကြကြောင်း ဒေသခံအချို့က ပြောသည်။

နိုဝင်ဘာလ ၂၇ရက် နံနက် ၆ နာရီကျော်တွင်မူ ပြင်းဖြူကြီးရွာနှင့် ချောက်ချောင်းရွာကြားက ဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့က ဒရုန်းဖြင့် ထပ်မံဗုံးချတိုက်ခိုက်သဖြင့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ၁၀ မိနစ်ခန့်ကြားရကြောင်း ပြင်းဖြူကြီးရွာက အမျိုးသမီးအခြားတစ်ဦးက ပြောဆိုသည်။