လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် မီးလောင်မှုဖြစ်ပြီး နေအိမ်သုံးဆောင်ပျက်စီးကြောင်း ဒေသခံများနှင့် မီးငြှိမ်းသတ်ရာတွင် ပါဝင်သူအချို့က ပြောသည်။
သဘော့ဆိပ်ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်၌ ယနေ့ နံနက် ၁၁ နာရီခွဲဝန်းကျင်တွင် နေအိမ်တစ်ဆောင်က မီးစတင် လောင်ကျွမ်းကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“မီးလောင်နေတဲ့ကြားထဲ လေကလည်း တဟူးဟူး တိုက်လာတော့ ကျန်တဲ့အိမ်တွေပါ ကူးကုန်တာ” ဟု ၎င်းက ပြောဆိုသည်။
မီးစတင်လောင်ကျွမ်းသည့် အကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးပေ။
မီးလောင်မှုကြောင့် နေအိမ်သုံးဆောင် မီးလောင်ပျက်စီးပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးငြှိမ်းသတ်ရာတွင် ပါဝင်ကူညီဆောင်ရွက်သူ အမျိုးသားတစ်ဦးက ဆိုသည်။
“ပင်လယ်ကမ်းခြေနားမှာဆိုတော့ လေကလည်း တိုက်နေတယ်။ တောတိုင်လေး (သစ်လုံးငယ်) နဲ့ ဆောက်ထားတဲ့ အိမ်သုံးဆောင် မီးလောင်သွားတယ်။ လူတွေ ထိခိုက်တာမရှိဘူး” ဟု ၎င်းက ပြောသည်။
မီးလောင်မှုကို သဘော့ဆိပ်ကျေးရွာ မီးသတ်အဖွဲ့၊ မောင်းမကန်ကျေးရွာမီးသတ်အဖွဲနှင့် ဒေသခံများပူးပေါင်း ငြှိမ်းသတ်ခဲ့ ရာ နေ့လယ် ၁၂ နာရီခွဲဝန်းကျင်တွင် မီးထိန်းနိုင်ခဲ့ကြောင်း ကျေးရွာမီးသတ်အဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
အောင်ချမ်းသာရပ်ကွက်တွင် လူနေအိမ် တစ်ရာနီးပါးရှိပြီး ပင်လယ်ကမ်းခြေအနီးရှိကာ ဒေသခံအများစုမှ ပင်လယ်ငါးဖမ်းလုပ်ငန်းများဖြင့် အသက်မွေးကြသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၉ ရက်တွင်လည်း ထားဝယ်မြို့ပေါ်တွင် လျှစ်စစ်ဝါယာရှော့ ဖြစ်ရာမှ မီးလောင်မှုဖြစ်ပြီး နေအိမ် နှစ်ဆောင်မီးလောင် ပျက်စီးခဲ့သေးသည်။







