ထားဝယ်နှင့် မြိတ်အကျဉ်းထောင်တို့က လွတ်ငြိမ်းခွင့်ဖြင့် ယနေ့ နိုဝင်ဘာလ ၂၇ ရက်တွင် အကျဥ်းသား၊ အကျဥ်းသူ ၁၀ ဦး လွတ်မြောက်လာကြောင်း နိုင်ငံရေးအကျဥ်းသား အသိုင်းအဝိုင်းနှင့် စစ်အုပ်စု၏ ထုတ်ပြန်ချက်အရသိရသည်။
ထားဝယ်အကျဥ်းထောင်တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦး စုစုပေါင်း ငါးဦးလွတ်မြောက်လာကြောင်း ထားဝယ် အကျဥ်းထောင်ရှေ့တွင် သွားရောက်စောင့်ကြိုခဲ့သည့် နိုင်ငံရေးအကျဥ်းသား မိသားစုဝင်တစ်ဦးက ပြောသည်။
“ပေါက်တိုင်းတံတားဂိတ်မှာ ဖုန်းထဲမှာ စာ (စစ်အာဏာရှင်ဆန့်ကျင်ရေး) တွေ့လို့ လူဝတ်လဲ အဖမ်းခံရတဲ့ ဘုန်းကြီးတစ်ပါးနဲ့ ထားဝယ်အလှသစ် စျေးဝယ်စင်တာမှာ အဖမ်းခံရတဲ့ ရန်တောင်ရွာသူတွေ ပါတယ်။ အားလုံးငါးယောက်လွတ်တယ်။ ရဲစခန်းကို ခေါ်သွားပြီးမှ ခံဝန်ထိုးပြီး လွှတ်တယ်” ဟု ၎င်းက ဆိုသည်။
မြိတ်ထောင်တွင်လည်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီး လေးဦး စုစုပေါင်း ငါးဦးလွတ်မြောက်ကြောင်း စစ်အုပ်စု ပြန်ကြားရေးဌာန ၏ ထုတ်ပြန်ချက်အရသိရသည် ။
ကော့သောင်းအကျဥ်းထောင်တွင်မူ လွတ်လာသူ ရှိ မရှိ မသိရသေးပေ။



ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ သုံးထောင်ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ခဲ့သလို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသူ ၅၅၈၀ ဦးကိုလည်း စစ်ကော်မရှင်က အမှုပိတ်သိမ်းခဲ့သည်။
မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးနိုင်ရန်၊ ရွေးကောက်ပွဲ အောင်မြင်ရန်တို့အတွက် ယခုကဲ့သို့ လွှတ်ပေးခြင်း ဖြစ်ပြီး နောက်တစ်ကြိမ် ထပ်ကျူးလွန် (စစ်အာဏာသိမ်းမှုကို ဆန့်ကျင်) ပါက ယခုလက်ကျန် ပြစ်ဒဏ်များကိုပါ ထပ်မံကျခံရမည်ဆိုသည့် ကန့်သတ်ချက်ကိုလည်း စစ်ကော်မရှင်က ထည့်သွင်းထားသည်။







