BREAKING
November 27, 2025

ထားဝယ်မြို့ဝင်ဂိတ်များတွင် တစ်ရက်အတွင်း လူငယ်ရှစ်ဦး အဓမ္မစစ်မှုထမ်းစုဆောင်းခံရ

November 27, 2025

ပုံစာ - ပေါက်တိုင်းတံတား စစ်ဆေးရေးဂိတ် (ပုံဟောင်း)

ထားဝယ်ခရိုင်အတွင်း နိုဝင်ဘာလ ၂၂ ရက် တစ်ရက်တည်းတွင် အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူ ရှစ်ဦးရှိကြောင်း မြို့ခံခရီးသွားများ၊ စစ်မှုထမ်းစုဆောင်းခံသူများ၏ မိသားစုဝင်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၂ ရက် နံနက် ၆နာရီမှစ၍ ထားဝယ်မြို့ဝင်ထွက်ဂိတ်များဖြစ်သော ကမြောကင်းတံတားနှင့် ပေါက်တိုင်းတံတား စစ်ဆးရေးဂိတ်တို့တွင် လောင်းလုံးနှင့် သရက်ချောင်းမြို့နယ်တို့မှ ထားဝယ်သို့ လာသည့် ဒေသခံခရီးသွားလူငယ် အမျိုးသားတို့ကို အဓမ္မစစ်မှုထမ်း စုဆောင်းဖမ်းဆီးခဲ့ကြောင်း ဒေသခံခရီးသွားအချို့က ပြောသည်။

ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦးနှင့် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တွင် လူငယ်လေးဦး ဖမ်းဆီးပြီး စစ်မှုထမ်းစုဆောင်းခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုနှင့် နီးစပ်သူအချို့က ဆိုသည်။

အဆိုပါ လူငယ်ရှစ်ဦးအနက် အများစုသည် ထားဝယ်မြို့ပေါ် တွင် နေ့စားအလုပ်သွားရောက် လုပ်ကိုင်ကြမည့်သူများဖြစ်ပြီး အချို့မှ ရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခံရသည့်အကြောင်းကိုမူ ယင်းလူငယ်များက ၎င်းတို့၏မိသားစုဝင်များဆီ ဆက်သွယ် အကြောင်းကြာချက်အရသိရှိရခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသည့် လူငယ်အချို့၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။

ကမြောကင်းတံတားစစ်ဆေးရေးဂိတ်တွင် ယခုနှစ် ဇူလိုင်လစ၍ နိုဝင်ဘာလအထိ ငါးလအတွင်း စစ်မှုထမ်းအဖြစ် အဓမ္မ ဖမ်းဆီးစုဆောင်းခံရသည့် လူငယ် ၃၅ ဦးထက်မနည်းရှိလာကြောင်း Dawei Watch က ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။

စစ်အာဏာရှင်တပ်သည် နိုဝင်ဘာလ ၁၀ ရက်တွင်လည်း ထားဝယ်မြို့ပြင်၌ လူငယ် ၁၂ ဦး ကို အဓမ္မစစ်မှုထမ်းအဖြစ် ဖမ်းဆီးစုဆောင်းခဲ့သေးသည်။

စစ်အာဏာရှင်တပ်သည် စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၉) ကို မြန်မာနိုင်ငံတဝန်းရှိ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီး၏ သင်တန်းကျောင်းများတွင် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။