ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC) ၏ ကော်မတီဝင်တစ်ဦးနှင့် ကျွန်းစုမြို့နယ်မှ ဒေါင်းနက်အဖွဲ့တို့ကို စစ်ကော်မရှင်က ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲထားကြောင်း စစ်အုပ်စုထိန်းချုပ်ထားသည့် သတင်းစာများက နိုဝင်ဘာလ ၂၆ ရက်နေ့တွင်ကြေညာသည်။
နိုဝင်ဘာလ ၇ ရက်က မြိတ်-ထားဝယ်ကားလမ်းပိုင်း သရက်ချောင်းမြို့နယ်တစ်နေရာတွင် စစ်ကော်မရှင် ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း လမ်းမပေါ် စာရေးကာ ဆန္ဒထုတ်ဖော်ခဲ့သူ သပိတ်ကော်မတီဝင် ကိုကျော်ကျော်အား အကြမ်းဖက်ဟုစွပ်စွဲကာ ရွေး/ကာ ပုဒ်မ ၂၃(က)၊၂၃(ခ) တို့ဖြင့် သရက်ချောင်းမြို့မရဲစခန်း၌ အမှုဖွင့်ထားခြင်းဖြစ်သည်။
DDMSC ၏ ပြန်ကြားရေးတာဝန်ခံကမူ ကိုကျော်ကျော်သည် အကြမ်းမဖက်လှုပ်ရှားမှု နည်းလမ်းများဖြင့် စစ်အာဏာရှင်စနစ်ကို တော်လှန်နေသူတစ်ဦးဖြစ်ကြောင်း ပြောသည် ။
” သူတို့(စစ်အုပ်စု)ကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့သူတွေမှမဟုတ်ပါဘူး။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုတာနဲ့ပဲ ဖမ်းဆီးထောင်ချနေတာပါ။ အဲဒါအတွက် ပြည်သူတွေလည်း တော်တော်သတိထားကြဖို့လိုပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေကတော့ ပုံစံမျိုးစုံနဲ့ ရွေးကောက်ပွဲကို ဆက်လက်ဆန့်ကျင်သွားမှာပါ ” ဟု အထက်ပါတာဝန်ခံကပြောသည်။
နိုဝင်ဘာလ ၁၁ ရက်ကလည်း ကျွန်းစုမြို့နယ် မဲတောရွာ ၊ အုတ်ဖိုမော်ရွာ ၊ စန္ဒားငယ်ရွာ ၊ ချောင်းကြီးဝ ရွာတို့မှ စစ်ကော်မရှင်၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များထံ ကိုသိန်းဇော်မင်း ဦးဆောင်သည့် အဖွဲ့ဝင် ၅၀ ဦး ပါ PDF အဖွဲ့ က ခြိမ်းခြောက်စာများပေးခဲ့ကြောင်း စစ်အုပ်စုထိန်းချုပ်ထားသည့် သတင်းစာကဖော်ပြသည်။
ယင်းကြောင့် ကိုသိန်းဇော်မင်းနှင့်အဖွဲ့ကိုလည်း စစ်ကော်မရှင်က ကံမော်နယ်မြေရဲစခန်းတွင် ရွေး/ကာ ပုဒ်မ ၂၄ (က) ၊ ၂၄ (ခ) တို့ဖြင့် အမှုဖွင့်ထားကြောင်းဆိုသည်။
ကျွန်းစုဒေသခံများနှင့် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုများထံ စုံစမ်းမေးမြန်းရာတွင် ကိုသိန်းဇော်မင်း အဖွဲ့သည် ကျွန်းစုမြို့နယ် အတွင်း စစ်ရေးလှုပ်ရှားသည့် ဒေါင်းနက်အဖွဲ့ ဖြစ်ပြီး ရွေးကောက်ပွဲ နှင့် ပတ်သက်၍လည်း သတိပေးစာများလိုက်ပေးနေသည်မှာ မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။
“ဒေါင်းနက်က ပကဖအောက်ကလား ၊ PDF အောက်ကလား နည်းနည်းတော့ပြောရခက်တယ်။ လက်ရှိတော့ စစ်ကြောင်း တစ်ခုအောက်မှာရှိတယ်။ မဲတောရွာတစ်ဝိုက်မှာတော့ ဒေါင်းနက်အဖွဲ့ က စာ(ရွေးကောက်ပွဲမှာမပူးပေါင်းဖို့) လိုက်ကမ်းတာတော့ရှိတယ်။ တရားစွဲလည်း သိန်းဇော်မင်းကို သူတို့(စစ်အုပ်စု)လာဖမ်းလို့မှမရတာ” ဟု ကျွန်းစုမြို့နယ် မှ တော်လှန်ရေး ရဲဘော်တစ်ဦး ကပြောသည် ။
ယင်းအပြင် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း ပုလောမြို့နယ် ဘုတ်ခြံရွာတွင် စိုက်ထားသည့် ကြံ့ခိုင်ရေးပါတီမဲဆွယ်ဆိုင်းဘုတ် ဖျက်ဆီးခံရသည်ဟုဆိုကာ ရှာဖွေနေဆဲသူတစ်ဦးကိုလည်း ရွေး/ကာ ပုဒ်မ ၂၄ က ဖြင့် ပုလောမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း စစ်အုပ်စု၏ လော်ဘီသတင်းစာ၌ ဖော်ပြထားသည်။
စစ်ကော်မရှင်သည် အတုအယောင်ရွေးကောက်ပွဲကို ကာကွယ်နိုင်ရန်အတွက် ထောင်ဒဏ်သုံးနှစ်မှ ခုနစ်နှစ်အထိအပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည့် ရွေးကောက်ပွဲ ကာကွယ်ရေး ဥပဒေပုဒ်မ များဖြင့် ပြည်သူများကို ဖမ်းဆီးအရေးယူနေခြင်းဖြစ်သည်။







