တနင်္သာရီ အပါအဝင် မြန်မာနိုင်ငံတဝန်းတွင် လာမည့် နိုဝင်ဘာလဆန်းအထိ မိုးဆက်ရွာနိုင်ကြောင်း မိုးဇလ ဌာနများနှင့် မိုးလေဝသလေ့လာသုံးသပ်သူများက ခန့်မှန်းထားသည်။
ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “မွန်ထာ” (MONTHA) သည် အောက်တိုဘာလ ၂၈ရက်တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းဖော်ပြသည်။
ယင်းနောက် အိန္ဒိယနိုင်ငံ အင်ဒရာ ပရာဒေ့ရှ်ကမ်းခြေကို ဖြတ်ကျော်နိုင်ကြောင်း ဖော်ပြသည်။
“မွန်ထာ” မုန်တိုင်းသည် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသဖြင့် အဝါရောင်အဆင့် သတ်မှတ်ထား သော်လည်း မှန်တိုင်းအရှိန်ကြောင့် နိုင်ငံအဝှမ်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည်တို့ ဖြစ်ပေါ် နိုင်သဖြင့် ကြိုတင်သတိပြုနိုင်ရန် တိုက်တွန်းထားသည်။
ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်ကတည်းက မိုးရွာသွန်းမှုမရှိတော့ဘဲ မိုးတိမ်တောင်တက်ခြင်း၊ မိုးအုံ့နေခြင်းတို့သာ ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မြိတ်ခရိုင်အတွင်းရှိ နေရာအချို့တွင်မူ မိုးရွာသွန်းမှု ဆက်ရှိသော်လည်း မိုးမများကြောင်း ဒေသခံများက ပြောဆိုသည်။
နိုဝင်ဘာလ ၁ရက်နှင့် ၂ရက်နောက်ပိုင်းတွင် မုန်တိုင်း၏အကြွင်းအကျန်များနှင့် ကပ္ပလီပင်လယ်ပြင်မှ လေပွေလှိုင်းတို့၏ အရှိန်ကြောင့် ရခိုင်၊ ဧရာဝတီ၊ တနင်္သာရီ၊ မွန်၊ ချင်း၊ ပဲခူး၊ ကရင်၊ ရန်ကုန် စသည့်ဒေသတို့တွင် လာမည့်ငါးရက်အတွင်း မိုး အသင့်အတင့် ရွာသွန်းနိုင်ပြီး နေရာကွက်ကာ မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က ခန့်မှန်း ထားသည်။
ပွင့်လင်းရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် တနင်္သာရီတိုင်းတွင် ရော်ဘာလုပ်ငန်းများ စတင်လုပ်ကိုင်နေပြီဖြစ်ပြီး မိုးရွာသွန်းပါက ရော်ဘာအစေးခြစ် လုပ်ငန်း အခက်အခဲကြုံနိုင်ကြောင်း ရော်ဘာခြံလုပ်သမားများက ပြောဆိုသည်။
“အခုက အစေး စခြစ်နေကြပြီ။ ပြီးခဲ့တဲ့ တစ်ပတ်ကတည်းက မိုးမရွာတော့ဘူး။ မိုးထပ်ရွာရင်တော့ မိုးရွာတဲ့နေ့ (ရော်ဘာ) အစေးခြစ်တာ နားရတာပေါ့” ဟု ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီး ရော်ဘာခြံတစ်ခြံမှ ရော်ဘာခြစ်သမားတစ်ဦးက ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာလ ၂ ရက်အထိ တနင်္သာရီ အပါအဝင် နိုင်ငံအဝှမ်းတွင် မုန်တိုင်းအရှိန်ကြောင့် နေရာစိပ်စိပ်နှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။







