BREAKING
October 27, 2025

တနင်္သာရီ လေးမိုင်ရွာကို စစ်အာဏာရှင်တပ်လေကြောင်းဖြင့် ဗုံးကြဲ

October 27, 2025

တိုက်ပွဲဖြစ်ပွားနေသည့် တနင်္သာရီမြို့နယ် လေးမိုင်ရွာကို စစ်အာဏာရှင်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံများ၊ တော်လှန်ရေးတပ်နှင့် နီးစပ်သူများထံမှ သိရသည်။

စစ်အာဏာရှင်တပ်သည် ယနေ့ အောက်တိုဘာ ၂၇ရက် နေ့လယ် ၁၂နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူက ပြောသည်။

နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ရာ လက်နက်ကြီးကျည် တစ်လုံးသည် လေးမိုင်ရွာရှိ နေအိမ်တစ်ဆောင်ကို ထိမှန်ကာ နေအိမ် မီးလောင်သွားကြောင်း ၎င်းက ဆိုသည်။

“တိုက်ပွဲအတွင်း နှစ်ဖက်စလုံး ထိခိုက်မှု ရှိတယ်။ အ‌ရေအတွက်တော့ အတိအကျမသိရသေးဘူး။ တိုက်ပွဲက အခုအထိ ဖြစ်နေတုန်းလို့ သိရတယ်” ဟု အထက်ပါနီးစပ်သူက ယနေ့ ညနေ ၅ နာရီခန့်တွင် Dawei Watch သို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်နေချိန် မွန်းလွဲ ၂ နာရီခန့်တွင် စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးတစ်လုံးလာကြဲသွားပြီး ပွိုင့်ဖိုက်စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

တိုက်ပွဲ အခြေအနေအသေးစိတ်ကို Dawei Watch အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အောက်တိုဘာလ ၂၂ရက်ကလည်း စစ်အာဏာရှင် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကျည် လေးမိုင်ရွာအနီးရှိ ဖာနီရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံ ခုနစ်ဦး ဒဏ်ရာရခဲ့သည်။