BREAKING
October 27, 2025

တနင်္သာရီ ဖာနီရွာရှိ နေအိမ်တစ်ဆောင်ကို စစ်အာဏာရှင်တပ် ဖြိုချ၊ အိမ် ၂၀ ဝန်းကျင်ရှိ ပစ္စည်းများကို ဖျက်ဆီး

October 27, 2025

တနင်္သာရီမြို့နယ်၊ ဖာနီ‌ရွာကို စစ်အာဏာရှင်တပ်က စစ်ကြောင်းထိုးလာပြီး ပြန်ထွက်ချိန်တွင် နေအိမ်တစ်ဆောင်ကို ဖြိုချဖျက်ဆီးကာ အခြားအိမ် ၂၀ ဝန်းကျင်ရှိ ပစ္စည်းများကိုလည်း ဖျက်ဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

အောက်တိုဘာလ ၂၀ရက်က ဇဝဲရွာအခြေစိုက် စစ်အာဏာရှင်တပ်က တပ်သား ၂၀ ဝန်းကျင်သည် ဖာနီရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

ထို့နောက် အောက်တိုဘာလ ၂၅ရက်တွင် စစ်ကြောင်းပြန်ဆုတ်စဥ် ထရံကာ ဓနိမိုး နေအိမ်တစ်ဆောင်ကို ဖြိုချဖျက်ဆီးခဲ့ကြောင်း ဖာနီရွာနေ ဒေသခံတစ်ဦးက ဆိုသည်။

“အိမ်တစ်ဆောင်လုံး ဖြိုချထားခဲ့တယ်။ စစ်ကြောင်းဝင်လာတုန်းက စစ်သားတွေ အဲဒီအိမ်က မိန်းကလေးကို ထိကပါး ရိကပါး ပြောလို့ သူတို့ အထက်အရာရှိကို သွားတိုင်လို့ စစ်ကြောင်းပြန်အထွက်မှာ ဖြိုခဲ့တယ်လို့ သိရတယ်” ဟု အထက်ပါဒေသခံက ပြောသည်။

ရွာအတွင်းရှိ အခြားနေအိမ် ၂၀ ဝန်းကျင်တွင်လည်း အိမ်အတွင်းရှိ အဝတ်ဗီရို၊ ပစ္စည်းထည့်ထားသည့် သေတ္တာများကို မွှေနောက်သွားပြီး ပစ္စည်းအချို့ကို ဖျက်ဆီးသွားကြောင်း ဒေသခံနောက်တစ်ဦးက ဆိုသည်။

“အိမ်ထဲမှာ အကုန်မွှေနောက်သွားတယ်။ ဘာမှတော့ မယူသွားဘူး။ အိုးခွက်တွေ အားလုံးဖျက်ဆီးသွားတယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

စစ်အာဏာရှင်တပ်က ဖာနီရွာကို စစ်ကြောင်းထိုးလာချိန် ရွာသားအချို့ တိမ်းရှောင်သွားကြပြီး အချို့က နေအိမ်တွင်ပင် ဆက်လက်နေထိုင်ခဲ့ကြကြောင်း ဒေသခံများက ပြောဆိုသည်။

အောက်တိုဘာလ ၂၂ရက်ညတွင် ဇဝဲကျေးရွာအခြေစိုက် အမှတ် ၅၅၆ ခြေမြန်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဖာနီရွာသား ခုနစ်ဦး ထိခိုက်ဒဏ်ရာရပြီးနောက် ကျန်သူအားလုံးပါ တိမ်းရှောင်ကြရကြောင်း ဒေသခံများက ဆိုသည်။

ဖာနီရွာသို့ ယနေ့ အောက်တိုဘာလ ၂၇ရက်တွင် စစ်အာဏာရှင်တပ်က စစ်ကြောင်းပြန်ရောက်နေကြောင်း ဒေသခံများထံမှ သိရသည်။