ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အမေရိကန်-တရုတ် ကုန်သွယ်ရေး သဘောတူညီချက်မူဘောင်ရရှိ

October 27, 2025

ဓာတ်ပုံ - AFP

အမေရိကန်နှင့် တရုတ်အရာရှိများအကြား ကုန်သွယ်ရေး သဘောတူညီချက်မူဘောင်တစ်ရပ် ရရှိခဲ့ပြီ ဖြစ်သည်။

အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက်မူဘောင်အရ တရုတ်ကုန်စည်များအပေါ် အမေရိကန်က ၁၅၇ ရာခိုင်နှုန်း အခွန်ကောက်ခံမည့် အနေအထားမှ ရှောင်လွှဲနိုင်ခဲ့ပြီ ဖြစ်သည်။

ယင်းမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့အကြား အပြည့်အဝ ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်ရရှိရေး ယခုသီတင်းပတ်အတွင်း ဆွေးနွေးရန် လမ်းခင်းပေးလိုက်ခြင်းလည်း ဖြစ်ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။

အဆိုပါ သိသာထင်ရှားသည့် ဖြစ်ပေါ်တိုးတက်မှုသည် သမ္မတတရမ့်၏ ရက်သတ္တပတ်တစ်ပတ်ကြာ အာရှသံတမန်ရေးခရီးစဉ်၏ ကနဦးအဆင့်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်ပေါ်တိုးတက်မှုကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံနှစ်ခုဖြစ်သည့် အမေရိကန်နှင့် တရုတ်အကြား ရက်သတ္တပတ်များစွာ ကြာမြင့်ခဲ့သည့် ကုန်သွယ်ရေးတင်းမာမှုများကို လျှော့ချနိုင်ခဲ့ပြီ ဖြစ်သည်။

“လာမယ့် ကြာသပတေးနေ့မှာ တွေ့ဆုံမယ့် ခေါင်းဆောင်နှစ်ဦးအကြား ခိုင်မာတဲ့ ကုန်သွယ်ရေး သဘောတူညီချက်မူဘောင်တစ်ရပ်ကို ကျွန်တော်တို့ ရရှိခဲ့ပြီလို့ ယူဆပါတယ်” ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ပြောကြားခဲ့သည်။

တရုတ်ကုန်စည်များအပေါ် ၁၀၀ ရာခိုင်နှုန်းအခွန် ကောက်ခံမည်ဆိုသည့် ထရမ့်၏ ယခင်က ခြိမ်းခြောက်မှုကိုလည်း လုံးဝပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယခုအပတ် ကြာသပတေးနေ့တွင် တောင်ကိုရီးယား၌ ပြုလုပ်မည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်အကြား တွေ့ဆုံပွဲကို အားလုံးက စောင့်ကြည့်လျက်ရှိပြီ ဖြစ်ကြောင်း CNN သတင်းတစ်ရပ်က ဆိုသည်။

ခေါင်းဆောင်နှစ်ဦးအကြား အဆိုပါ တွေ့ဆုံပွဲအမှန်တကယ် ဖြစ်ပေါ်လာခြင်းရှိမရှိနှင့် စပ်လျဉ်း၍ မရေမရာ ရှိနေဆဲ ဖြစ်သည်။

Source: CNN