သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ လဘကျေးရွာတွင် အရပ်သားနေအိမ် ၄၀ ခန့်ကို စစ်အာဏာရှင်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
စစ်အာဏာရှင်တပ်သည် အောက်တိုဘာလ ၂၀ ရက်မှစတင်ကာ မြိတ်-ထားဝယ် ကားလမ်းတစ်လျှောက် ကျေးရွာများကို စစ်ကြောင်းထိုးလာပြီး အောက်တိုဘာလ ၂၃ ရက် နံနက်တွင် လဘကျေးရွာစာသင်ကျောင်းအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
နှစ်ဖက် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်က လဘကျေးရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ဒေသခံအချို့က ဆိုသည်။
အိမ်ခြေ တစ်ရာခန့်ရှိသည့် လဘကျေးရွာတွင် တစ်ဝက်နီးပါး မီးလောင်ပျက်စီးခဲ့သည့်အပြင် လဘ၊ ဆင်ကျန်း၊ ပိတိုင်စသည့် ကျေးရွာရှိ အရပ်သားပြည်သူနေအိမ်က ပစ္စည်းများကိုလည်း စစ်ကြောင်းက ယူဆောင်သွားကြောင်း ၎င်းတို့က ပြောဆိုသည်။
“မီးရှို့ခံရတာကတော့ ရွာတစ်ဝက်လောက်ကုန်သွားတယ်။ အိမ်မှာရှိတဲ့ TV၊ ရေခဲသေတ္တာ၊ ဆိုင်ကယ်၊ စက်ဘီး၊ ထမင်းပေါင်းအိုးကအစ ယူသွားကြတယ်။ မြေသယ်ကားနဲ့ သယ်သွားကြတာလို့ပြောတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
သရက်ချောင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူအချို့ကလည်း အရပ်သားနေအိမ်များ မီးရှို့ခံရပြီး နေအိမ်ရှိ ဆိုင်ကယ်၊ စက်ဘီးအပါအဝင် အိမ်ထောင်ပရိဘောဂများ၊ ပစ္စည်းများကို စစ်အာဏာရှင်တပ်စစ်ကြောင်းက မြေသယ်ကားဖြင့် ယူဆောင်သွားကြောင်း ပြောဆိုသည်။
ပိတိုင်ရွာတွင် ဆိုင်ကယ် ငါစီးနှင့် နေအိမ်ရှိ အသုံးအဆောင်ပစ္စည်းများကို စစ်အာဏာရှင်တပ် စစ်ကြောင်းက ယူဆောင်သွားကြောင်း ပိတိုင်ရွာမှ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“မနက်က လှူစရာရှိတာတွေ ယူသွားပြီး လဘရွာမှာ သွားလှူပေးတယ်။ သူတို့ရွာခံပြောတာ အိမ်ခြေလေးဆယ်လောက် ပါသွားတယ်လို့ ပြောတယ်။ ရွာတစ်ဝက်စာလောက် မီးထဲပါသွားတာပေါ့” ဟု ၎င်းက ပြောသည်။
ဆင်ကျန်းကျေးရွာက နေအိမ်များကိုလည်း မွှေနှောက်ခဲ့ပြီး ဆိုင်ကယ်လေးစီးနှင့် အိမ်ထောင်ပရိဘောဂပစ္စည်းများ ယူဆောင်သွားကြောင်း ဆင်ကျန်းကျေးရွာက အမျိုးသမီးတစ်ဦးက ပြောဆိုသည်။
အင်အား ၁၅၀ ခန့်ရှိသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်တွင် သရက်ချောင်းမြို့နယ် ပန်းတောရပ်ကွက်နှင့် ဆင်ကူးရွာဘက်ကို ပြန်လည်ရောက်ရှိနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများ နေရပ်ပြန်ဝင်နေကြပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။







