BREAKING
October 27, 2025

စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် လောင်းလုံး ကရင်ကြီးရွာတွင် နေအိမ်နှစ်ဆောင်မီးလောင်

October 27, 2025

ဓာတ်ပုံ - ကရင်ကြီးရွာလမ်းတစ်နေရာ။(ပုံဟောင်း)

လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု ကရင်ကြီးကျေးရွာတွင် အောက်တိုဘာလ ၂၆ရက်က စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး နေအိမ်နှစ်ဆောင်မီးလောင်ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာရှိ နယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတို့က အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်သိမ်းပိုက် မီးရှို့ ဖျက်ဆီးကာ ပြန်လည်ဆုတ်ခွာသွားကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းနောက် မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်အာဏာရှင်တပ်ဘက်က ကရင်ကြီးကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်နက်ကြီးကျည် နေအိမ်တစ်ဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးကြောင်း ဒေသခံအမျိုးသားတစ်ဦးကဆိုသည်။

“မနက်ပိုင်း မောင်းမကန်မှာဖြစ်နေတော့ လူကမရှိဘူး။ လူမရှိတဲ့အချိန် အိမ်ပေါ်ကျသွားတာ ဘေးက အိမ်ငယ်တစ်ဆာင်ပါ နှစ်ဆောင်လောင်တယ်။ အရှေ့လေက ပေါက်နေတော့ နှစ်ဆောင်လုံး ပြာကျသွားတယ်” ဟု ၎င်းက ပြောသည်။

မောင်းမကန်ရဲစခန်း တိုက်ခိုက်သိမ်းပိုက်မီးရှို့ခံရပြီးနောက် ထားဝယ်မြို့မှ စစ်ကူဆင်းလာသည့် စစ်အာဏာရှင်တပ် စစ်ကြောင်းမှာ အောက်တိုဘာလ ၂၆ ရက် နေ့လယ်ပိုင်းမှစ၍ ကျောက်ဆင်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာခဲ့သည်။

ထိုစစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၂၇ရက် နေ့လယ်ပိုင်းတွင် သဘော့ဆိပ်ပြင်ကြီးကျေးရွာအတွင်း ရောက်ရှိ တပ်စွဲထားခြင်းကြောင့် ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီး၊ ကမ်းပနီ စသည့် ကျေးရွာ ငါးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။