BREAKING
October 27, 2025

ထားဝယ်တန်ဆောင်တိုင် ဘုရားပွဲရက် ညမထွက်ရအမိန့် ရုတ်သိမ်းထားဟု ဂေါပကများဆို

October 27, 2025

ပုံစာ - ၂၀၂၄ ခုနှစ် ထားဝယ်တန်ဆောင်တိုင် ဘုရားပွဲအတွက် ရပ်ကွက်တစ်ခုမှ ဘုရားပို့နေစဥ်။ ဓာတ်ပုံ - Dawei Watch

ထားဝယ် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်ပွဲအတွက် ညမထွက်ရအမိန့် ရုပ်သိမ်းထားကြောင်း ဂေါပကများထံမှ သိရသည်။

ညမထွက်ရန် အမိန့်ရုပ်သိမ်းပေးရန် တိုင်းစစ်ကော်မရှင်ထံ တင်ပြမှုကို ခွင့်ပြုပေးခြင်းဖြစ်သည်ဟု အောက်တိုဘာလ ၂၆ ရက်က ပြုလုပ်သည့် ဘုရားပွဲဖြစ်မြောက်ရေး တတိယအကြိမ် အစည်းအဝေးတွင် ပွဲဦးဆောင်သည့် ဂေါပကများက ပြောကြားခဲ့သည်ဟု အစည်းအဝေးတက်ခဲ့သည့် ဂေါပကအချို့ထံမှ သိရသည်။

ဘုရားပွဲအတွက် ဘုရားများပို့ဆောင်ရမည့် အောက်တိုဘာလ ၃၀ ရက်မှ ဘုရားလှည့်ပွဲကျင်းပမည့် နိုဝင်ဘာလ ၄ ရက်အထိ ခြောက်ရက်ကို ညမထွက်ရ အမိန့်ရုပ်သိမ်းထားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ရပ်ကွက် ဘုရားဂေါပကတွေကတော့ ဘုရားပို့တဲ့နေ့နဲ့ ဘုရားလှည့်တဲ့နေ့ စိုးရိမ်ချက်ရှိတယ်။ အဲဒါကြောင့် အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေကို တင်ပြပြီး ခွင့်ပြုချက်တောင်းကြတယ်။ သူတို့လည်း ခြောက်ရက် ရုတ်သိမ်းခွင့်ပြုတယ်” ဟု အစည်းအဝေးတက်ခဲ့သည့် ရပ်ကွက်ဘုရားဂေါပကလူကြီးတစ်ဦးက ပြောဆိုသည်။

ထားဝယ်တန်ဆောင်တိုင် ဘုရားလှည့်ပွဲကို ပထမအကြိမ်အစည်းအဝေးတွင် နေ့ဘက်လှည့်ရန် ကနဦး ဆုံးဖြတ် ကြေညာ ထားခဲ့ပြီး ဒုတိယအကြိမ်အစည်းအဝေးတွင် ညဘက်လှည့်ရန်ပြန်လည်ပြင်ဆင်ဆုံးဖြတ်ကာ ထပ်မံကြေညာခဲ့သည်။

ယခုနှစ် တန်ဆောင်တိုင်ဘုရားလှည့်ပွဲနေ့တွင် ထားဝယ်မြို့ ကမ်းနားလမ်း၌ ဖျော်ဖြေရေး အစီအစဥ် ထည့်သွင်းကာ မီးပုံးပျံလွှတ်ပွဲပါ ကျင်းပမည်ဟု ထားဝယ်လူမျိုးစုစည်းမှုကော်မတီ၏ လူမှုကွန်ရက်တွင် ကြေညာထားသည်။

ယင်းအပြင် ကမ်းနားလမ်း၌ လမ်းမီးအလှဆင်ထားပြီး ပွဲတော်ရက် မတိုင်မီကတည်းက လာရောက် လည်ပတ်ကြည့်ရှုသူများလည်း ရှိကြောင်း မြို့ခံများက ဆိုသည်။

“လူစည်တာကတော့ ကမ်းနားလမ်းပေါ့။ ကျန်တဲ့နေရာကတော့ ည ၈ နာရီလောက် လူခြေတိတ်တာပဲ။ ရပ်ကွက်ထဲ ဘုရားလှည့်တဲ့နေ့လိုနေ့ဆိုရင်တော့ ည ၁၁ နာရီလောက်အထိ လမ်းပေါ်လူရှိတာမျိုးတွေ့တယ်။ စစ်သားတွေလည်း လမ်းပေါ်ရှိနေတာပဲ စစ်ဆေးတာမျိုးတော့မရှိဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

သီတင်းကျွတ်ကာလက ကျင်းပခဲ့သည့် သပိတ်မျှောပွဲ ကျင်းပစဥ်ကလည်း တိုင်းစစ်ကော်မရှင်က ညမထွက်ရ အမိန့်ကို နှစ်ရက် ရုတ်သိမ်းပေးခဲ့သေးသည်။

သပိတ်မျှောပွဲကာလနှင့် ကျင်းပပြီးရက်ပိုင်းအတွင်း ထားဝယ်မြို့အဝင်အထွက်ဂိတ်များ နှင့် ညဘက်နေအိမ်များတွင် မြို့ခံလူငယ်အချို့ စစ်မှုထမ်းစုဆောင်းခံရပြီး ၎င်းတို့အနက် မြို့ခံလူငယ်တစ်ဦး စုဆောင်းခံရသည့် ညတွင်းချင်း သေဆုံးခဲ့ကြောင်း မြို့ခံများထံမှသိရသည်။