မြန်မာ့အရေးအကျပ်အတည်းကို ဖြေရှင်းရန် မြန်မာစစ်အုပ်စုအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ရွေးကောက်ပွဲမတိုင်မီ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အောက်တိုဘာလ ၂၆ ရက်နေ့တွင် ထပ်လောင်းအတည်ပြုကြေညာခဲ့သည်။
အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ အာဆီယံခေါင်းဆောင်များ၏ သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကို တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့ရာတွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။
မြန်မာပြည်တွင်းပဋိပက္ခကြောင့် ပေါ်ပေါက်လာသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်ရန်လည်း အာဆီယံအဖွဲ့က ကတိပြုခဲ့သည်။
တနင်္ဂနွေနေ့က ထုတ်ပြန်ချက်တွင် မြန်မာကိုယ်တိုင် ဦးဆောင်သည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးအနေဖြင့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ကြရန် အာဆီယံအဖွဲ့က တိုက်တွန်းထားသည်။
မြန်မာပြည်အကျပ်အတည်းနှင့် စပ်လျဉ်း၍ ၂၀၂၁ ခုနှစ် ဧပြီလက အတည်ပြုထားသည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်တွင် အကြမ်းဖက်မှုများ အဆုံးသတ်ရေး ၊ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုအကောင်အထည်ဖော်ရေး ၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ခန့်အပ်ရေး ၊ လူသားချင်းစာနာမှုအကူအညီများ ခွင့်ပြုပေးရေး ၊ သက်ဆိုင်သူအားလုံးကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က ထိတွေ့ဆက်ဆံခွင့်ရရေးတို့ ပါဝင်သည်။
မြန်မာနိုင်ငံရှိသက်ဆိုင်သူ အဖွဲ့အစည်းအားလုံးအနေဖြင့် အကြမ်းဖက်မှုများ အရှိန်လျှော့ချပြီး အရပ်သားပြည်သူများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုများ ရပ်တန့်ရန် ၊ ယုံကြည်မှုတည်ဆောက်ရေးကြိုးပမ်းမှုများကို မြှင့်တင်ရန် အဆိုပါ ကြေညာချက်က တိုက်တွန်းထားသည်။
မြန်မာရွေးကောက်ပွဲသည် လွတ်လပ်မှုနှင့် တရားမျှတမှုရှိပြီး အားလုံးပါဝင်၍ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲဖြစ်ရန် အရေးပါကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အလေးပေးပြောဆိုခဲ့သည်။
Source: Bernama







