BREAKING
October 27, 2025

ဂျပန်က ခြေစမ်းပွဲ ၃ ပွဲကို ၂ ပွဲနိုင်၊ ၁ ပွဲသရေ ကစားပြပြီး ရှုံးပွဲလုံးဝမရှိခဲ့တဲ့ မြန်မာအမျိုးသမီးဘောလုံးအသင်း

October 27, 2025

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကတော့ မြန်မာပရိသတ်တွေကို အမြဲလိုလိုပဲ မျက်နှာပန်းလှပစေခဲ့ပါတယ်။

ဆီးဂိမ်းစ်ပြိုင်ပွဲအကြို ဂျပန်နိုင်ငံဆီကို သွားရောက်လေ့ကျင့်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းဟာ ဂျပန်ခရီးစဉ်ထဲမှာ ခြေစမ်းပွဲ ၃ ပွဲ ယှဉ်ပြိုင်ကစားခဲ့ပါတယ်။

အဲ့ဒီခြေစမ်းပွဲ ၃ ပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ရှုံးပွဲ လုံးဝမရှိခဲ့ဘဲ ၂ ပွဲနိုင်၊ ၁ ပွဲသရေရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။

အောက်တိုဘာလ ၂၁ ရက်နေ့မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက ပထမဆုံးခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ပြီး အဲ့ဒီပွဲစဉ်မှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက IGK ကူနွိုက်ချ်အသင်းကို တစ်ဂိုးစီ သရေကစားခဲ့ပါတယ်။ ဒီပွဲမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် နှင်းပွင့်အေးက ဂိုးသွင်းယူပေးခဲ့ပါတယ်။

အောက်တိုဘာလ ၂၃ ရက်နဲ့ အောက်တိုဘာလ ၂၅ ရက်တွေမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းက အိုဆာကာတက္ကသိုလ်၊ ကန်ဆိုင်းတက္ကသိုလ်အသင်းတွေနဲ့ ခြေစမ်းပွဲတွေ ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး ဒီနှစ်ပွဲလုံးကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက တစ်ဂိုး ဂိုးမရှိဆိုတဲ့ရလဒ်တွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။

အနိုင်ရရှိတဲ့ခြေစမ်းပွဲ ၂ ပွဲလုံးမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအတွက် အဖိုးတန်အနိုင်ဂိုးတွေကို အိသက်ဖြိုးကချည်းပဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဟာ ဆီဂိမ်းစ်ပြိုင်ပွဲရဲ့အုပ်စု(ခ)မှာ ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး ဒီအုပ်စုရဲ့ပွဲစဉ်တွေကို ဒီဇင်ဘာ ၄ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဆီးဂိမ်းပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းဟာလည်း ဂျပန်နိုင်ငံဆီကို သွားရောက်ကာ ပြိုင်ပွဲအကြို စခန်းဝင်လေ့ကျင့်ခဲ့ပြီး ခြေစမ်းပွဲ ၃ ပွဲ ယှဉ်ပြိုင်ခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းကတော့ ခြေစမ်းပွဲ ၃ ပွဲမှာ ၂ ပွဲရှုံး၊ ၁ ပွဲသရေကျပြီး တစ်ပွဲမှကို အနိုင်မရခဲ့ပါဘူး။ ရှုံးနိမ့်ခဲ့တဲ့ခြေစမ်းပွဲ ၂ ပွဲအနက် တစ်ပွဲမှာဆိုရင် မြန်မာ့လက်ရွေးစင် ယူ-၂၃ အမျိုးသားအသင်းက ၁၅ ဂိုးတောင် သွင်းခံရပြီး ၁၅ ဂိုး ၂ ဂိုးနဲ့ ရှုံးခဲ့ပါတယ်။