မန်ယူနည်းပြ အေမိုရင်က သူ့အသင်းဟာ တစ်ပွဲထက်တစ်ပွဲ ပိုပြီး ကောင်းလာတာကို မြင်တွေ့ရလိမ့်မယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် အနိုင်ရလိုက်ပေမယ့် လိုချင်တဲ့အနေအထားတစ်ရပ်ဆီကို ရောက်လာဖို့ကတော့ အချိန်တစ်ခု စောင့်ရဦးမှာကို ပရိသတ်တွေ သဘောပေါက်နားလည်ရလိမ့်မယ်လို့လည်း နည်းပြ အေမိုရင်က အသိပေးသွားခဲ့ပါတယ်။
“အသင်းက နိုင်ပွဲတွေ ဆက်တိုက်ရရှိလာတာကို ကျွန်တော်နဲ့ အသင်းသားတွေ၊ အသင်းတာဝန်ရှိသူတွေ ကျေနပ်အားရသလို အသင်းပရိသတ်တွေလည်း ပျော်ရွှင်နေပါလိမ့်မယ်။ ဒါပေမဲ့ အသင်းဟာ ပြီးပြည့်စုံတဲ့အဆင့်တစ်ခုဆီကိုရောက်ဖို့ လိုအပ်ချက်တချို့ ရှိနေဆဲပါပဲ။ တစ်ပွဲချင်းအလိုက် အာရုံစူးစိုက်သွားဖို့ကိုပဲ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ တစ်ပွဲထက်တစ်ပွဲ ပိုပြီး အားရစရာကောင်းလာတဲ့ မန်ယူကို မြင်တွေ့ကြရပါလိမ့်မယ်”လို့ နည်းပြ အေမိုရင်က ပြောသွားခဲ့ပါတယ်။
မန်ယူဟာ ဘရိုက်တန်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရလိုက်ပြီးတဲ့နောက် အမှတ်ပေးဇယားရဲ့ထိပ်ပိုင်းဆီ ပြန်လည်တက်ရောက်လာခဲ့ပြီဖြစ်ပေမယ့် နော်တင်ဟမ်၊ စပါး၊ အဲဗာတန်တို့နဲ့ ဆက်လက်ယှဉ်ပြိုင်ရမယ့်ပွဲတွေမှာ အမှားအယွင်းမဖြစ်စေဖို့အတွက် သတိကြီးကြီးထားပြီး ကစားရမှာဖြစ်တယ်လို့ နည်းပြ အေမိုရင်က သတိပေးသွားခဲ့ပါတယ်။
“ကျွန်တော်တို့ဟာ လမ်းကြောင်းမှန်တစ်ခုထက်ဆီကို ပြန်ရောက်လာရုံပဲ ရှိပါသေးတယ်။ ယုံကြည်ချက် ခိုင်မာစေဖို့အတွက် ရှေ့လာမယ့်ပွဲတွေကို အနိုင်ကစားရဦးမှာပါ။ လက်ရှိရလဒ်တွေမှာ မသာယာမိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ခရီးရှည်ကြီးကို ချီတက်ရဦးမှာပါ။ အခုက ဆောင်းရာသီပွဲကျပ်ကာလထဲကိုတောင် မရောက်သေးပါဘူး။ ကျွန်တော်တို့ဟာ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းပြီး ပိုပြည့်စုံလာစေဖို့အတွက် အများကြီး ပြင်ဆင်ထားရဦးမှာပဲဖြစ်ပါတယ်”လို့ နည်းပြ အေမိုရင်က ပြောကြားခဲ့ပါတယ်။







