BREAKING
October 19, 2025

ထရမ့်အမိန့် ဖီဆန်ရန် ကန်စစ်သားများကို တိုက်တွန်းသည့် ကိုလံဘီယာသမ္မတ ကန်ဗီဇာ ဖျက်သိမ်းခံရ

September 27, 2025

ပုံစာ - နယူးယောက်မြို့ ၊ ကုလသမဂ္ဂရုံးချုပ် အရှေ့တွင် ပါလက်စတိုင်း ထောက်ခံကြောင်း ဆန္ဒပြသူများကို ကိုလံဘီယာသမ္မတ Gustavo Petro မိန့်ခွန်းပြောနေသည်ကို သောကြာနေ့က တွေ့ရစဥ်။ ဓာတ်ပုံ - Reuters

လက်ဝဲယိမ်း ကိုလံဘီယာသမ္မတ Gustavo Petro ၏ အမေရိကန်ဗီဇာကို ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားဝန်ကြီးဌာနက စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် ပါလက်စတိုင်းထောက်ခံသည့် ဆန္ဒပြပွဲ၌ သမ္မတ Petro ၏ သွေးထိုးလှုံ့ဆော်သည့် လုပ်ရပ်များကြောင့် ယင်းသို့ ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြသည်။

“ဒီကနေ့ အစောပိုင်းမှာ ကိုလံဘီယာသမ္မတ Gustavo Petro ဟာ နယူးယောက်မြို့ရဲ့ လမ်းပေါ်မှာ ရပ်ပြီး အမေရိကန်စစ်သားတွေ အနေနဲ့ အထက်က အမိန့်တွေ မနာခံကြဖို့ တိုက်တွန်းခဲ့ပြီး အကြမ်းဖက်မှုဖြစ်လာအောင် လှုံ့ဆော်ခဲ့ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက X လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ကိုလံဘီယာသမ္မတ Petro ၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဗီဒီယိုတစ်ခု မျှဝေထားသည်ကို တွေ့ရသည်။

အဆိုပါ ဗီဒီယိုထဲတွင် နယူးယောက်မြို့ ၊ ကုလသမဂ္ဂရုံးချုပ်အပြင်တွင် ပါလက်စတိုင်း ထောက်ခံကြောင်း ဆန္ဒပြနေသည့် လူအုပ်ကြီးကို ကိုလံဘီယာသမ္မတက စပိန်ဘာသာဖြင့် မိန့်ခွန်းပြောနေခဲ့သည်။

အမေရိကန်စစ်တပ်ထက် ပိုကြီးသည့် စစ်တပ်တစ်ခု ပေါ်ပေါက်ရန် ကမ္ဘာ့နိုင်ငံများ စုစည်းထည့်ဝင်သင့်ကြောင်း ကိုလံဘီယာသမ္မတ Petro က ၎င်း၏ တိုက်တွန်းပြောဆိုခဲ့သည်။

“ဒါကြောင့်ပဲ ကျွန်တော် ဒီနေရာ ၊ နယူးယောက်မြို့ကနေ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စစ်သားတွေအားလုံးကို လူသားမျိုးနွယ်အပေါ် သေနတ်ပြောင်း မလှည့်ဖို့ ကျွန်တော် တိုက်တွန်းပါတယ်။ ထရမ့်ရဲ့ အမိန့်ကို ဖီဆန်ကြပါ။ လူသားမျိုးနွယ်ရဲ့ အမိန့်ကို လိုက်နာကြပါ” ဟု ၎င်းက ပြောသည်။

သမ္မတ Petro သည် သောကြာနေ့ ညအချိန်ကတည်းက နယူးယောက်မြို့မှ ထွက်ခွာ၍ ကိုလံဘီယာမြို့တော်သို့ လေယာဥ်ဖြင့် လိုက်ပါလာခဲ့ကြောင်း ကိုလံဘီယာမီဒီယာများတွင် ဖော်ပြသည်။

သမ္မတ Petro သည် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန် နယူးယောက်မြို့သို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ညီလာခံတွင် ၎င်းက ထရမ့်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ကာရစ်ဘီယန်ပင်လယ်အတွင်းမှ လှေများကို မူးယစ်ဆေးဝါးသယ်ဆောင်လာသည်ဟု စွပ်စွဲကာ အမေရိကန်စစ်တပ်က တိုက်ခိုက်နေမှုကို စုံစမ်းစစ်ဆေးပေးရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။

Source: The Guardian