BREAKING
October 17, 2025

လူမျိုးရေးမိုင်းတွေကြားက ဖက်ဒရယ်ခြေလှမ်း (အပိုင်း ၃)

September 27, 2025

အာဏာရှင်တွေရဲ့ အတုအယောင် ပြည်ထောင်စုစနစ်ဆိုတာကို အမြစ်ကလှန်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ သာတူညီမျှစွာ အတူယှဉ်တွဲ နေထိုင်နိုင်မယ့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်နိုင်ရေးဆိုတာ နွေဦးတော်လှန်ရေးရဲ့အန္တိမ ပန်းတိုင်တစ်ခုလည်းဖြစ်သည်။

သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင်တွေကတော့ အတုအယောင် ရွေးကောက်ပွဲကျင်းပပြီး ဖက်ဒရယ်အတုနဲ့ မျက်လှည့်ပြဖို့ကြိုးစားနေပါတယ်။

စစ်အာဏာရှင်ရဲ့ လှည့်ကွက်ကို ကောင်းစွာနားလည်နေတဲ့ တော်လှန်ပြည်သူလူထုကတော့ ဖက်ဒရယ် ခြေလှမ်းကို ရဲရဲလှမ်းနေကြပါပြီ။ ဒါပေမဲ့ လူမျိုးရေးမိုင်းတွေကတော့ အချိန်မရွေး ပေါက်ကွဲနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

နွေဦးတော်လှန်ရေး အရှိန်ကောင်းနေတာကြောင့် ဒေသအတော်များများမှာ အာဏာရှင်စစ်တပ်က ကြီးစိုးနိုင်မှု နည်းလာနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေ များလာနေတဲ့ အခြေအနေမှာ လူမျိုးရေးပွတ်တိုက်မှုတွေ အနည်းငယ်ရှိလာပါတယ်။

လူမျိုးစုံအတူယှဉ်တွဲ နေထိုင်ကြတဲ့ မြန်မာနိုင်ငံရဲ့ ပထဝီအခြေအနေကြောင့် လူမျိုးရေးပွတ်တိုက်မှုတွေက အနည်းနဲ့အများ ရှိလာမယ်ဆိုတာ အားလုံးက ကြိုတင်တွက်ဆ ထားကြပေမယ့် လူမျိုးရေးပဋိပက္ခကို ဦးတည်မသွားဖို့လည်း ကြိုပြင်ထားရမယ်ဆိုတဲ့ ထောက်ပြလာတာတွေလည်း ရှိနေကြပါပြီ။

တနင်္သာရီတိုင်းမှာဆိုရင်လည်း ကရင်၊ ထားဝယ်၊ မြိတ်(တနင်္သာရီ)၊ မွန်၊ ဗမာ၊ မော်ကင်း စတဲ့ တိုင်းရင်းသားပေါင်းစုံ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရာစုနှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်နေကြပါတယ်။

မကြာသေးခင်က ကောက်ယူထားတဲ့ ‘တနင်္သာရီဒေသခံများ၏ ဒေသတွင်း လူမျိုးစု စုံလင်ကွဲပြားမှုအပေါ် သဘောထားစစ်တမ်း’ အရ စစ်တမ်းမှာ ဖြေဆိုသူတွေက တနင်္သာရီဒေသကို လူမျိုးစုပေါင်းစုံ နေထိုင်တဲ့စုံလင်ကွဲပြားသော ဒေသတစ်ခုအဖြစ် လက်ခံရှုမြင်တာကို တွေ့ရပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်းထဲမှာရှိတဲ့ လူမျိုးစုတွေအကြားမှာ လူမှုသဟဇာတဖြစ်မှုရှိတယ် ဆိုတာကိုလည်း စစ်တမ်းမှာတွေ့ရပါတယ်။

တနင်္သာရီတိုင်းမှာ တော်လှန်ရေး အားကောင်းတဲ့ ဒေသအများအပြားရှိနေပြီး စစ်အာဏာရှင်တပ် ထိန်းချုပ်ဒေသက နည်းသထက်နည်းလာနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ တော်လှန်ရေးအရှိန် တန့်စေမယ့်လူမျိုးရေးမိုင်းတွေက အာဏာရှင်စစ်တပ်အတွက် လက်နက်တစ်ခု ဖြစ်သွားနိုင်ပါတယ်။

တနင်္သာရီတိုင်းမှာ လူမျိုးစုံယှဉ်တွဲနေထိုင်တာကြောင့် ပွတ်တိုက်မှုအချို့ ဖြစ်တတ်တဲ့ သဘာဝ ရှိပေမယ့် အခုလိုအချိန်မျိုးမှာ ဒါကိုအသုံးချပြီး လူမျိုးရေးပဋိပက္ခတွေအထိ ဦးတည်လာအောင် လုပ်ဆောင်မှာမျိုးတွေကို သတိထားဖို့ လေ့လာသူတွေက ထောက်ပြနေကြပါပြီ။

နွေဦးတော်လှန်ရေး လေးနှစ်ကျော်လာတဲ့ ဒီကနေ့အချိန်မှာတော့ လူမှုကွန်ရက်တွေပေါ်မှာ လူမျိုးရေး မုန်းတီးမှုဆန်ဆန် လှုံ့ဆော်ရေးသားတာတွေ တွေ့လာရပါတယ်။ သရက်ချောင်း၊ ပုလောမြို့နယ်တွေ ဘက်က အချို့မြေပြင် အခြေအနေမှာလည်း တစ်ဖက်နဲ့တစ်ဖက်ကြား ဒီကိစ္စတွေဟာ လူထုကြားထဲ ဖွဲမီးလို တအုံနွေးနွေး ဖြစ်တည်လာနေတာမျိုး တွေ့ရှိလာတာကြောင့်လည်း ဒီလိုစိုးရိမ်တကြီး ထောက်ပြ နေကြတာပါ။

ဒါ့ကြောင့် တနင်္သာရီတိုင်းအတွင်း လူမျိုးရေးပဋိပက္ခတွေ ရှောင်ရှားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုကို ထိန်းသိမ်းထားနိုင်ဖို့ ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်မှာ အင်အားစု ခေါင်းဆောင်တွေ၊ ပြည်သူလူထုတွေ၊ လေ့လာသုံးသပ်သူတွေကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါတယ်။

“အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအစား အရပ်သားတွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြ၊ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီး၊ နှင်ထုတ်ကြတဲ့ အဓိကရုဏ်းတွေ ဖြစ်လာကြပြီး အာဏာရှင်အဆက်ဆက်ဟာ အသက်ရှုချောင်ခဲ့ကြပါတယ်”

Windy

သုတေသန တာဝန်ခံ (Data Insight Lab)

Data Insight Lab အဖွဲ့သည် ၂၀၁၆ ခုနှစ်ကစ၍ ဆိုရှယ်မီဒီယာပေါ်မှ သတင်းတု၊ သတင်းမှား၊ အမုန်းစကားတွေကို လေ့လာစောင့်ကြည့်ခြင်း၊ တုံ့ပြန်ခြင်းတို့ကို ပြုလုပ်နေသည့် အဖွဲ့အစည်း ဖြစ်သည်။

DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဘာတွေ သတိထားမိတာရှိလဲ။

ဖြေ ။ ကျွန်တော်တို့ဟာ အထွေထွေအကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်တိုင်း လူတစ်ဦး၊ လူတစ်စုတစ်ဖွဲ့ကို အပြစ်သားအဖြစ်ပုံဖော်ဖို့၊ ထိုးနှက်တိုက်ခိုက်ကြဖို့ ကြိုးပမ်းကြတာဟာ ပုံမှန်အားဖြင့်လည်း လူ့သဘောအရ ဘာသာဘာဝ ဖြစ်ရိုးဖြစ်စဉ် ဖြစ်တယ်ပေါ့နော်။ ဒီရှေ့မှာဆိုရင်လည်း COVID – 19၊ quarantine ကာလမှာဆိုရင်လည်း အိမ်ထဲမှာ ပိတ်လှောင်ပြီး နေကြရတယ်ဆိုတော့ မိသားစုတွေထဲမှာတင် မသင့်မြတ်မှုတွေ၊ အပြစ်မြင်မှုတွေနဲ့ ကူးစက်မှုတွေ များလာတဲ့ အခါမှာလည်း ကိုယ်ရပ်ရွာထဲမှာတင် လက်ညှိုးထိုးမှုတွေနဲ့ အပြစ်ပုံချမှုတွေ ရှိခဲ့ကြတယ်။ အခုကျတော့ နိုင်ငံရဲ့ဒေသ တော်တော်များများမှာ စစ်ဘောင်တွေ ကျယ်ပြန့်လာသလို၊ တစ်ဖက်မှာလည်း ပေါ်တာဆွဲတာတွေနဲ့ စီးပွားရေး ကျပ်တည်းတာတွေကြောင့် ပြည်သူတွေမှာ စိတ်ဖိစီးမှု၊ ကြောက်ရွံ့မှု၊ ဒေါသထွက်မှုတွေကို ပုံမှန်ထက်ပိုခံစားရနိုင်ပါတယ်။ ဒီလို အခြေအနေတွေမှာ လူမျိုးရေး၊ ဘာသာရေးအခြေပြု ခွဲခြားမှုတွေကနေ ပဋိပက္ခတွေ အလွယ်တကူစတင်နိုင်ပါတယ်။ အုပ်စုတစ်ခုလုံးကို ခြုံငုံပြီး အပြစ်တင်တာမျိုး၊ မုန်းတီးရေးစိတ်တွေ မဖြစ်ပေါ်အောင် သတိထားသင့်ပါတယ်။

DW ။ အရင်က မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ဖူးတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေမှာရော ဘယ်လို အစပျိုးခဲ့သလဲ။ သာဓကလေးတွေနဲ့ ပြောပြပေးပါ။ အဲဒါတွေကို ဘယ်လိုသင်ခန်းစာယူရမလဲ။

ဖြေ ။ မြန်မာနိုင်ငံရဲ့ အစဉ်အဆက်မှာ ကိုလိုနီခေတ်က စလို့ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်ရချိန်တိုင်း အုပ်ချုပ်သူ၊ အာဏာပိုင် အစုအဖွဲ့တွေကနေ လူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံတဲ့ အမုန်းတရားတွေ ဖြန့်ဝေပြီး ပဋိပက္ခတွေ ဖန်တီးကြလေ့ရှိပါတယ်။ ဥပမာ ဗြိတိသျှကိုလိုနီ အစိုးရ အုပ်ချုပ်ခဲ့ချိန်မှာလည်း လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်မှုတွေ အားကောင်းနေချိန် ၁၉၃၀ ခုနှစ်လွန် ကာလတွေမှာ ဗြိတိသျှအစိုးရကနေ ကုလား – ဗမာ အဓိကရုဏ်းဖန်တီး ခဲ့သလို ဒီဘက် ဦးနေဝင်းရဲ့ ဆိုရှယ်လစ် အစိုးရခေတ်မှာလည်း ကျရှုံးနေတဲ့ ဆိုရှယ်လစ် နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို ဖုံးကွယ်ဖို့ရာအတွက် ၁၉၆၇ ခုနှစ်မှာ တရုတ် – ဗမာ အဓိကရုဏ်းကို ပြန်ပြီးတော့ ဖန်တီးခဲ့တာတွေ ရှိပါတယ်။ အဲ့ဒီခေတ်ကာလတွေကနေ စလို့ စစ်အစိုးရအဆက်ဆက်ဟာ သူတို့ရဲ့ ကျရှုံးပျက်စီးနေတဲ့ အုပ်ချုပ်ရေး စနစ်တွေကို ဖုံးကွယ်ဖို့ရာအတွက် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ (အထူးသဖြင့် ဗုဒ္ဓဘာသာ နဲ့ မွတ်ဆလင်) တွေကြားမှာ ဖန်တီးခဲ့ကြပြီး အာရုံလွှဲဖို့ ကြိုးစားခဲ့ပါတယ်။ လူတွေရဲ့ သဘောမှာကလည်း ကျန်တဲ့အချိန်မှာသာ စည်းလုံး ညီညွတ်ကြဖို့ ခက်ခဲပေမယ့် ငါတို့ ဘာသာ၊ ငါတို့ လူမျိုးကို တခြား လူမျိုး၊ ဘာသာ တစ်ခုခုက လာပြီး ထိပါးနေပြီ၊ ပြန်ပြီး တုံ့ပြန်ကြရမယ်ဆိုတဲ့ အမျိုးသားရေး ဆန်ဆန် သွေးထိုးလှုံ့ဆော်ခံရတဲ့ အချိန်မျိုးမှာဆိုရင် စုဖွဲ့ဖို့နဲ့ တုံ့ပြန်ကြဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေကြလေ့ရှိပါတယ်။ ဆိုတော့ ကျွန်တော် တို့နိုင်ငံဟာ ဒီလိုမျိုး လှုံ့ဆော်မှုတွေကြောင့်ပဲ ရခိုင်ပြည်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးစု လူမျိုးတုံး သတ်ဖြတ်ခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ICC မှာ တရားစွဲဆိုခံရတဲ့ အထိ ဆိုးရွားခဲ့ရပါတယ်။ အခုအချိန်မှာလည်း စစ်ကော်မရှင် အမည်ခံ အာဏာသိမ်းစစ်တပ်ဟာ ၁၀၂၇ စစ်ဆင်ရေး ကာလမှာဆိုရင် တရုတ်မုန်းတီးရေး၊ ရခိုင်ပြည် စစ်ပွဲတွေမှာ သူတို့ အထိနာခဲ့ချိန်မှာဆိုရင်လည်း ရခိုင်လူမျိုးစု မုန်းတီးရေးတွေကို ကျယ်ကျယ်ပြန့်ပြန့်လှုံ့ဆော် ဖြန့်ဝေနေပါတယ်။ မြန်မာနိုင်ငံရဲ့ လူမျိုးစုံ၊ ယဉ်ကျေးမှုစုံ သဘာဝဟာ အားသာချက်ဖြစ်ပါတယ်။ ဒီစုံလင်မှုကို အသုံးချပြီး ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတဲ့ နိုင်ငံတစ်ခုကို အတူတူ တည်ဆောက်နိုင်ဖို့ လိုပါတယ်။ အတိတ်က အမှားတွေကနေ သင်ခန်းစာယူပြီး အနာဂတ်အတွက် ပိုကောင်းတဲ့ လမ်းကြောင်းကို ရွေးချယ်ကြဖို့ လိုပါတယ်။

DW ။ ဒီလိုပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှုတွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလိုဖြစ်သွားတာတွေလည်းရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။

ဖြေ ။ အခုလို လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်၊ ကျယ်ပြန့်နေတဲ့ အချိန်မှာ အမုန်းတရား အခြေခံ လှုံ့ဆော်မှုတွေဟာလည်း ဘက်ပေါင်းစုံကနေ အများအပြား ထွက်ပေါ်လာနေတာကို တွေ့ရပါတယ်။ အရင်ကာလတွေကဆိုရင်တော့ ဘာသာရေးအခြေခံတဲ့ ပွတ်တိုက်မှုတွေကို မကြာခဏ တွေ့ရတတ်ပေမယ့် ဒီကာလမှာဆိုရင် စစ်ကော်မရှင်ဟာ သူတို့ စစ်ရေးအရ အထိနာခဲ့တဲ့ ဒေသတိုင်းမှာ လူမျိုးရေးနဲ့ ဘာသာရေး အခြေခံတဲ့ မုန်းတီးမှုတွေ၊ အမုန်းစကားတွေကို အများအပြား ဖြန့်ဝေနေကြပါတယ်။ မြင်သာတဲ့ ဖြစ်စဉ်တွေဆိုရင် ရခိုင် – ဗမာ၊ ရခိုင် – ရိုဟင်ဂျာ၊ ကိုးကန့် – ဗမာ၊ ကချင် – တအာင်း၊ ကချင် – ရှမ်းနီ၊ ကရင်နီ – ပအိုဝ် စတဲ့ လူမျိုးစုတွေကြားမှာ လူမျိုးရေးအခြေပြု အမုန်းတရားတွေကို သူတို့ လက်လွတ်ထားရတဲ့ ဒေသတွေမှာ ဖြန့်ချိနေသလို သူတို့ အုပ်စိုးထားတဲ့ ပြည်မဒေသတွေမှာ ဆိုရင်လည်း စစ်တပ်လက်ဝေခံ အမျိုးသားရေးအင်အားစုတွေက လူနည်းစု ဘာသာရေး အစုအဖွဲ့တွေ (အထူးသဖြင့် – မွတ်ဆလင်) မုန်းတီးရေးနဲ့ ဖိနှိပ်ရေးတွေကို အင်တိုက်အားတိုက် ဖန်တီးလာတာကို တွေ့နေရပါတယ်။

အဓိကအားဖြင့် ဒီအမုန်းတရားတွေနဲ့ အမုန်းစကားတွေကို တားမြစ်ဖို့ဆိုရင် ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေရဲ့ ဇစ်မြစ်ကို ဖော်ထုတ်ဖို့၊ ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ပုံမှန်အားဖြင့် ဒီလို ပဋိပက္ခတွေဟာ စီးပွားရေး ကျပ်တည်းမှုတွေနဲ့ နိုင်ငံရေးလှည့်ကွက်တွေကြောင့် ထွက်ပေါ်လာလေ့ရှိတာကြောင့် ဘာသာတစ်ခု၊ လူမျိုးတစ်စုကို အပြစ်ဖို့နေရုံနဲ့ ပြေလည်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေနေတဲ့ အမုန်းစကားတွေဟာ ပဋိပက္ခကို မီးထိုးပေးနေတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒီလို အမုန်းတရားတွေ ပါဝင်တဲ့ အချက်အလက်တွေကို မျှဝေတာတွေ၊ အမုန်းစကား အခြေပြု ဝေါဟာရတွေ သုံးစွဲခြင်းမပြုဘဲ ဆင်ခြင်တုံတရားနဲ့ စိစစ်ဖို့ လိုပါတယ်။ အရပ်ဖက် အဖွဲ့အစည်းတွေရဲ့ ထိန်းကျောင်းမှုအနေနဲ့ဆိုရင် အမုန်းတရား အခြေခံ ပဋိပက္ခတွေဖန်တီးလာတာကို မြင်တွေ့လာရတာနဲ့ ဂရုတစိုက် လေ့လာစောင့်ကြည့်ဖို့ လိုအပ်သလို မီဒီယာတွေနဲ့ ထင်ရှားကျော်ကြားသူတွေကနေတစ်ဆင့် လူထုကို အသိပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ဒီလို အမုန်းစကားဖြန့်ဝေမှုတွေမှာဆိုရင် အချက်အလက်မှားတွေဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်လေ့ရှိတာမလို့ အချက်အလက်စိစစ်ရေး အဖွဲ့တွေ၊ မီဒီယာတွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပြီး အချက်အလက်မှန်တွေကို ဖော်ပြပေးဖို့ လိုအပ်ပါတယ်။

DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားနိုင်တယ်လို့ ယူဆလား။

ဖြေ ။ ကျွန်တော်တို့ အထက်မှာ ပြောခဲ့သလိုပဲ အုပ်ချုပ်သူ၊ အာဏာရှင် အစုအဖွဲ့တွေဟာ သူတို့ရဲ့ ပျက်စီးယိုယွင်းနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ အခြေအနေတွေ၊ သူတို့ကို တွန်းလှန်ဆန့်ကျင်လာတဲ့ လှုပ်ရှားမှုတွေနဲ့ ရင်ဆိုင်လာရပြီဆိုရင် ပြည်သူလူထုကို ဒီကိစ္စတွေမှာ ပါဝင်မှု မရှိတော့အောင်လို့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေကို ဖန်တီးလေ့ရှိကြပါတယ်။ ဒီလို အာရုံလွဲမှုတွေကိုနောက်ကို လူထုက လိုက်ပါသွားကြပြီဆိုရင် အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအစား အရပ်သားတွေ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြ၊ ပိုင်ဆိုင်မှုတွေကို မီးရှို့ဖျက်ဆီး၊ နှင်ထုတ်ကြတဲ့ အဓိကရုဏ်းတွေ ဖြစ်လာကြပြီး အာဏာရှင်အဆက်ဆက်ဟာ အသက်ရှုချောင်ခဲ့ကြပါတယ်။ ဒီလို နည်းနာတွေကို မြန်မာနိုင်ငံမှာတင် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူ အာဏာရှင်တွေဟာ ကျင့်သုံးကြလေ့ရှိပါတယ်။ ဥပမာ – ဟစ်တလာရဲ့ နာဇီတပ်မတော်ဟာ အဖက်ဖက်က စစ်ရေးအရ ကျရှုံးမှုတွေကြောင့် ဂျာမန်နိုင်ငံ ဆင်းရဲမွဲတေလာတာကို ဂျူးတွေကြောင့် ဂျာမန်ပြည်သူတွေ ဆင်းရဲ မွဲတေလာရတယ်ဆိုတဲ့ အပြစ်သားအဖြစ် ပုံဖော်တဲ့ ဇာတ်ကြောင်းကို ထုတ်သုံးခဲ့ပြီး ပြည်သူတွေကို အာရုံလွှဲခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ဂျူးလူမျိုးတွေ သန်းနဲ့ချီပြီး သေကြေပျက်စီးခဲ့ရပါတယ်။ ဆိုတော့ စစ်အာဏာရှင်တွေဟာ ဒီလို သွေးခွဲရေး လမ်းစဉ်နည်းနာတွေကို သေချာပေါက် အသုံးပြုမှာပဲဖြစ်ပါတယ်။

DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေရန် ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင်တွေကရော ဘယ်လိုထိန်းကျောင်းသင့်လဲ။

ဖြေ ။ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် လူမျိုးစုတွေအကြား အထင်လွဲစေဖို့ရာ ရေးသားပြောဆိုနေတာတွေနဲ့ ပတ်သက်လို့ အဓိကအားဖြင့် ကျွန်တော် တို့ဟာ အမုန်းစကားဆိုတာ ဘာလဲနဲ့ အမုန်းတရား အခြေခံတဲ့ လှုံ့ဆော်ရေးသားပြောဆိုမှုတွေက ဘာလဲဆိုတာကို အရင်ဆုံးပြောကြဖို့ လိုအပ်ပါမယ်။ ဆိုလိုတာက ပြဿနာတွေရဲ့ အရင်းခံဟာ လူမျိုးစုဆိုတဲ့ ဖြစ်တည်မှုကြောင့်လို ချဉ်းကပ်ခြင်း မပြုကြဘဲ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ လုပ်ရပ်သာဖြစ်တယ်ဆိုတာကို အရင်ဆုံး သတိချပ်ဖို့ လိုအပ်ပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ကျူးလွန်မှုဟာ သူ့ရဲ့ လူမျိုးစုကို ကိုယ်စားမပြုဘူး၊ ဒီလူတစ်ဦးတစ်ယောက်တစ်စုတစ်ဖွဲ့ရဲ့ကျူးလွန်မှုအတွက် လူမျိုးစုလိုက် အပြစ်ပေးဖို့၊ မုန်းတီးဖို့ မလိုအပ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းနားလည်ရမှာ ဖြစ်ပါတယ်။ ဒီအခြေအနေကနေမှတစ်ဆင့် ကျူးလွန်သူ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကနေသာ ဒီဖြစ်စဉ်အတွက် တာဝန်ခံ၊ တာဝန်ယူရမှာဖြစ်ပြီးတော့ လူမျိုးစု အကြား မုန်းတီးရေး ပဋိပက္ခတွေဆီကို ဦးတည်မသွားဖို့ ဝိုင်းဝန်းကြိုးပမ်းကြရမှာပါ။ ဒါ့အပြင် ဒီသက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဆိုရှယ်မီဒီယာပေါ်က အမုန်းစကားနဲ့ သတင်းတု/ မှားတွေရဲ့ အန္တရာယ်နဲ့ သက်ရောက်မှုကို မိမိရဲ့ လူထုကို အသိပေးရမှာဖြစ်ပြီး လူမျိုးစုတွေအချင်းချင်းကြားမှာလည်း ယုံကြည်မှု တည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ စကားဝိုင်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

DW ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ပဋိပက္ခတွေက သတင်းအချက်အလက်အမှားတွေရယ်၊ မြေပြင်မှာရှိတဲ့လူတွေက သူတို့ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေအနေတွေမှာ ပိုဆိုးလာလေ့ရှိတယ်။ ဒီအခြေအနေမှာ အုပ်ချုပ်တဲ့တာဝန်ရှိသူတွေက မတူညီတဲ့ အမြင်တွေ ပြောဆို ရင်ဖွင့်ခွင့်ရအောင် ဘယ်လိုလမ်းဖွင့်ပေးသင့်လဲ။ လူထုကို သတင်းအချက်အလက် အမှတ်သိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်လဲ။

ဖြေ ။ အမုန်းတရားတွေဟာ တစ်ခါတလေကျရင် အစုအဖွဲ့တွေကြားမှာ အပြန်အလှန် အဆက်အသွယ် ဖြတ်တောက်ခံရချိန်၊ ဆက်နွယ်မှု မရှိချိန်မှာလည်း ပိုမိုကြီးထွားလာတတ်ကြပါတယ်။ အဓိကအားဖြင့်တော့ အပြန်အလှန် ဆက်သွယ်မှုတော့ မရှိတော့ချိန်မှာ တစ်ဖက်ဖက်ကများ လက်ဦးမှုရယူပြီး တိုက်ခိုက်သွားမလား၊ တခြား တစ်ဖက်မှာ ဘယ်လိုမျိုး ကြံစည်မှုတွေ ရှိနေလဲ ဆိုတဲ့ ကြောက်ရွံမှု၊ အပြန်အလှန်ယုံကြည်ချက် ပျက်စီးမှုတွေ စတဲ့ စိတ်မလုံခြုံတဲ့ သံသယစိတ်တွေကနေတစ်ဆင့် အဆင့်တက်လာပြီး ပဋိပက္ခတွေဆီကို ဦးတည်လာတတ်ပါတယ်။ အခုကာလမှာဆိုရင် စစ်တပ်ကလည်း လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ဒေသတွေမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပိတ်ပင်ထားတာ ကြောင့် ဒီလို ပဋိပက္ခတွေကို လောင်စာထည့်ပေးသလို အခြေအနေဖြစ်နေပါတယ်။ သက်ဆိုင်ရာ လူမျိုးစု၊ ဘာသာရေး ခေါင်းဆောင် တွေဟာလည်း ဒီလို ဖြစ်စဉ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပြီးတော့ နှစ်ဖက်အဖွဲ့ အစည်း ခေါင်းဆောင်တွေကြားမှာ ပဋိပက္ခကို ရှောင်ရှားစေမယ့် စကားဝိုင်းတွေ ဖန်တီးဖို့ လိုအပ်သလို မိမိတို့ရဲ့ ပြည်သူလူထုကိုလည်း အခြေအနေမှန်တွေကို အချိန်နဲ့ တပြေးညီအသိပေး ရှင်းလင်းဖို့ လိုအပ်ပါတယ်။

DW ။ တော်လှန်ရေးကာလမှာ မတူညီတဲ့ အစုအဖွဲ့၊ လူမျိုးစုတွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလေ့ ရှိတယ်။ အဲဒီပွတ်တိုက်မှုတွေ လျော့ကျအောင်၊ ကြီးထွားမလာအောင် လူတစ်ဦးချင်းကရော ဘယ်လိုအချက်တွေကို သတိထားပြီး ပြောဆိုပြုမူနေထိုင်သင့်လဲ။

ဖြေ ။ ပဋိပက္ခတွေ စတင်ရာမှာ လူတစ်ဦးချင်းစီရဲ့ ပြုမူပြောဆိုမှုတွေက အဓိက အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဆိုတော့ အခုလိုမျိုး ထိလွယ်ရှလွယ်ဖြစ်တဲ့ တော်လှန်ရေးကာလမှာ ငါတို့နဲ့ သူတို့ဆိုတဲ့ အစုအဖွဲ့တွေကို ခွဲခြား ဖယ်ကျဉ်ဖို့ ကြိုးစားတဲ့ အသုံးအနှုန်းတွေကို အရင်ဆုံး ရှောင်ကျဉ်ကြဖို့ လိုအပ်ပြီးတော့ ငါတို့ ဆိုတဲ့ စဉ်းစားချက်ကို အရင်ဆုံး ထည့်သွင်းကြဖို့ လိုအပ်ပါတယ်။ ပွတ်တိုက်မှု တစ်ခုခု ဖြစ်ပြီဆိုရင် ကြိုတင်ကောက်ချက်ချမှုတွေ၊ တွေးခေါ်သတ်မှတ်မှုတွေကို ရှောင်ရှားပြီးတော့ ပြဿနာတစ်ခုခုကို ပူးတွဲအဖြေရှာကြဖို့ လိုအပ်ပါတယ်။ အလားတူပဲ ဆိုရှယ်မီဒီယာမှာဆိုရင်လည်း အကြောင်းအရာ တစ်ခုခု၊ သတင်းတစ်ပုဒ်ကို မျှဝေခြင်း မပြုလုပ်မိခင်မှာ အနည်းဆုံး နှစ်နေရာ၊ သုံးနေရာကနေ အတည်ပြုသင့်ပါတယ်။ စိတ်ခံစားမှုကို လှုံ့ဆော်တဲ့ သတင်းတွေဟာ မှားယွင်းနိုင်ခြေ များပါတယ်။ သတင်းတု/ မှားတွေဟာလည်း ပဋိပက္ခတွေကို လောင်စာထည့်ပေးရာ ရောက်တယ်ဆိုတာကို သတိချပ်ဖို့ လိုအပ်သလို သံသယရှိလာတယ်ဆိုရင်လည်း သတင်းဖြန့်ဝေသူကို သတင်းရင်းမြစ် ဖော်ပြဖို့ တောင်းဆိုသင့်သလို အချက်အလက်စစ်ဆေးတဲ့ အဖွဲ့တွေဆီကိုလည်း ပေးပို့ စစ်ဆေးစေသင့်ပါတယ်။ ပဋိပက္ခကို လှုံ့ဆော်တဲ့ အကြောင်းအရာတွေဆိုတာ သေချာခဲ့ရင်လည်း သက်ဆိုင်ရာ ဆိုရှယ်မီဒီယာတွေကို အရေးယူဖို့နဲ့ ဖြုတ်ချဖို့ တိုင်ကြောင်းလို့ ရသလို ဒီလို သတင်းတွေကို အာရုံစိုက်ခြင်း မလုပ်ဘဲ ‌ကျော်သွားလို့လည်း ရပါတယ်။ အနှစ်ချုပ်အနေနဲ့ဆိုရင်တော့ ကိုယ်ပြောတဲ့စကားတိုင်း၊ ကိုယ်မျှဝေလိုက်တဲ့ အကြောင်းအရာတိုင်းဟာ ပတ်ဝန်းကျင်ကို ငြိမ်းချမ်းအောင် လည်းကောင်း၊ တင်းမာစေအောင်လည်းကောင်း လုပ်နိုင်တယ်ဆိုတာ သတိရှိဖို့ အရေးကြီးပါတယ်။

DW ။ လူထုကြားမှာ မတူညီတဲ့လူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။

ဖြေ ။ နှစ်ဖက် လူမျိုးစုတွေကြားမှာ ရင်ဆိုင်နေရတဲ့ အမြင်မကြည်လင်မှုတွေရဲ့ ဇစ်မြစ်ကို သိရှိဖို့နဲ့ သက်ဆိုင်ရာလူမျိုးစုတွေရဲ့ စိုးရိမ်မှုတွေကို အုပ်ချုပ်သူတွေအနေနဲ့ ဂရုတစိုက် နားထောင်ပေးဖို့က အဓိက အရေးကြီးလှပါတယ်။ ဒီလို နားထောင် ဖြေရှင်းတဲ့ အခါမှာလည်း နှစ်ဖက်ဆက်ဆံရေးအကြားမှာ ပွင့်လင်းမှု၊ ရိုးသားမှုရှိရှိ ဆောင်ရွက်ဖို့လည်း လိုအပ်သလို ဘယ်လူမျိုးစုကိုမဆို ဘက်လိုက်မှုမရှိဘဲ တန်းတူဆက်ဆံဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ လူမျိုးပေါင်းစုံနဲ့ ယဉ်ကျေးမှုပေါင်းစုံ တည်ရှိနေတာ ဖြစ်တဲ့အတွက် လူမျိုးစု တစ်စုချင်းစီရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို လေးစားမှုရှိဖို့နဲ့ အသိအမှတ်ပြုတဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ဒီလို ပဋိပက္ခတွေဟာ အချိန်တိုအတွင်းမှာ ဖြစ်လာတာ မဟုတ်ဘဲ ကာလရှည်ကြာ ပွတ်တိုက်မှုတွေရဲ့ နောက်ဆက်တွဲဆိုတာကို နားလည်ပြီး စိတ်ရှည်သည်းခံမှုနဲ့ အတူ အချိန်ယူကိုင်တွယ် ဖြေရှင်းသင့်ပါတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“တနင်္သာရီတိုင်းရဲ့ မတူကွဲပြားမှုတွေ၊ အတူတကွ ယှဥ်တွဲနေထိုင်ခဲ့ပြီး ဘယ်သောအခါကမှ ပဋိပက္ခ ဆိုပြီး မဖြစ်ခဲ့ကြဘူးဆိုတဲ့ အစဥ်အလာကောင်း အားလုံးက ဆက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ထင်တယ်”

ဦးဆောင်ကော်မတီဝင်တစ်ဦး (တနင်္သာရီတိုင်းလူငယ်ကွန်ရက်)

DW ။ တော်လှန်ရေးကာလမှာ ပြည်သူတွေက အထွေထွေအကျပ်အတည်းကြုံနေရသလို၊ ပဋိပက္ခဒဏ်ကိုလည်း ခံစားနေရတယ်။ ဒီလိုအခြေအနေမျိုးမှာ လူထုက ပေါက်ကွဲလွယ်တတ်တာ တွေ့ရတယ်။ အထူးသဖြင့် လူမျိုးရေး ဘာသာရေး အခြေခံပြီး ပွတ်တိုက်မှုတွေကနေ ပဋိပက္ခတွေ ဆင့်ပွားဖြစ်လာတတ်တာမျိုး တွေ့ရတယ်။ တနင်္သာရီတိုင်းကလည်း မတူကွဲပြားတဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ဒေသဖြစ်တော့ ဒီလိုအခြေအနေမျိုးတွေ ကျရောက်နိုင်တယ်လို့ သတိပေးပြောဆိုတာတွေ ရှိနေပါတယ်။ အခုလူမှုကွန်ရက်မှာလည်း တနင်္သာရီတိုင်းမှာ အတူယှဉ်တွဲ နေထိုင်တဲ့ လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။

ဖြေ ။ တနင်္သာရီတိုင်းသည် မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ အတူယှဥ်တွဲပြီး နေထိုင်တဲ့ ဒေသတစ်ခု ဖြစ်တယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ ဘာသာရေးပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခ ဆိုပြီးတော့ နေရာတိုင်း၊ ဒေသတိုင်း အလိုလိုမှာ ဖြစ်ခဲ့ဖူးတဲ့ အစဥ်အလာရှိတယ်။ သို့သော်လည်းပဲ တနင်္သာရီတိုင်းထဲမှာ အခုနက ကွဲပြားစုံလင်တဲ့ လူမျိုးစုတွေ၊ ဘာသာမတူသူကြားတွေထဲမှာ အချင်းချင်း ပဋိပက္ခဖြစ်ခဲ့တယ်ဆိုတာ မရှိခဲ့ဘူး။ အားလုံးက အပြန်အလှန်လေးစားမှု၊ တန်ဖိုးထားမှု၊ ချစ်ခင်လေးစားမှုတွေနဲ့ပဲ အတူယှဥ်တွဲ နေထိုင်လာကြတယ်။ အခု တော်လှန်ရေး အခင်းအကျင်းမှာ တနင်္သာရီတိုင်းထဲမှာ မွန်၊ ကရင်၊ ထားဝယ်၊ မြိတ်၊ ဆလုံ(မော်ကင်း) စသဖြင့် မတူကွဲပြားတဲ့ လူမျိုးစုတွေ ရှိသလို၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဗုဒ္ဓ၊ ခရစ်ယာန်စသဖြင့် ဘာသာတရားတွေလည်း မတူကွဲပြားမှု အများကြီးရှိတယ်။ ဆိုတော့ အခုတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်နေကြတဲ့ လူငယ်တွေ၊ လူလတ်တွေ ၏၊ လူကြီးတွေဆိုတာကလည်း အားလုံးက အတူတူပါဝင်နေကြတယ်။ နောက်တစ်ခုက ကရင်၊ မွန်၊ ထားဝယ်၊ ဗမာ စသဖြင့် အားလုံးရဲ့ကြားထဲမှာသည် ကရင်ဆိုရင် ကရင်ရေ၊ ကရင်ထမင်း စားပြီး ကရင်တွေဆီမှာလည်း နေခဲ့ကြတာပဲ။ အကူအညီတွေလည်းရခဲ့ကြတာပဲ။ ထားဝယ်တွေဘက်ကလည်း ပံ့ပိုးမှုတွေ၊ ကူညီမှုတွေ၊ ပေါင်းစည်းမှုတွေနဲ့ အတူတူရင်ဆိုင်ဖြတ်သန်းခဲ့ ကြတယ်။ ပြောချင်တာကတော့ ကရင်၊ ထားဝယ်၊ မွန် တွေကြားထဲမှာ နင်က ကရင်မို့လို့၊ ငါက ထားဝယ်မို့လို့ စတဲ့ နင့်ကြောင့်၊ ငါ့ကြောင့်တွေ အများကြီး မတွေ့ရဘူး။ အခုနောက်ပိုင်းက ဆိုရှယ်ပလက်ဖောင်းတွေမှာ အကောင့်တွေကို ကျွန်တော်တို့လည်း တောက်လျှောက်လိုက်ကြည့်ဖြစ်တယ်။ အကောင့်တွေက အကောင့်အတု ပုံစံမျိုးတွေပေါ့။ ရှင်းရှင်းပြောရရင် ကိုယ့်ဒေသရဲ့ တော်လှန်ရေး၊ နိုင်ငံရေးထဲက ကဏ္ဍတစ်ခုခုမှာ ဦးဆောင်ပါဝင်နေတဲ့ လူတွေကနေပြီးတော့ လူမျိုးရေး ပဋိပက္ခ အမုန်းတရားတွေပွားဖို့ကို ဆော်သြနေတယ် တိုက်တွန်းနေတယ် ဆိုတာမျိုးတွေတော့ အများကြီး မတွေ့ရဘူး။ သို့သော်လည်းပဲ အကောင့်အတုပေါင်းစုံနဲ့ လူမျိုးရေး ပဋိပက္ခကို ဦးတည်စေတဲ့ စကားလုံးတွေ၊ အရေးအသားတွေ ပြောဆိုဆွေးနွေးမှုတွေကတော့ ပိုပြီးတွင်တွင်ကျယ်ကျယ် မြင်လာရသလို ဖြစ်တယ်။ အထူးအားဖြင့် ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့အချိန်မှာ အဲဒီလို အကောင့်အတုတွေနဲ့ အသုံးပြုတဲ့ ဆိုရှယ်အကောင့်တွေကို သတိထားရမယ်။ သတိထားဖို့အတွက်ဆိုရင် ပဋိပက္ခတွင်းထဲကို တွန်းချနေတဲ့ ဟာမျိုးတွေကို သတိကြီးကြီးထားရမယ်။ တစ်ဆက်တည်းမှာပဲ တစ်ဖက်ရန်သူရဲ့ ဆိုက်ဝါးတွေလည်း ဖြစ်နိုင်တယ်။ အကြမ်းဖက် စစ်အုပ်စုက ကျွန်တော်တို့ကြားထဲမှာရှိတဲ့ ညီညွတ်မှုကို ခေတ်အဆက်ဆက် အာဏာရှင်တွေ ဒါတွေက ကြောက်ကြတယ်။ ကျွန်တော်တို့တိုင်းပြည်မှာက အာဏာရှင်တွေက လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက်ပြီးတော့ ခွဲပြီး အုပ်ချုပ်တဲ့ စနစ်တွေကို နှစ်ပေါင်းမြောက်များစွာ တည်ဆောက်ခဲ့ကြတယ်။ ကျွန်တော်တို့ကြားထဲမှာလည်း တချို့သော ပြဿနာတွေ ရှိနိုင်တယ်။ ပြဿနာသည် လူမျိုးရေး၊ ဘာသာရေးကို ဦးတည်နိုင်တဲ့ ပြဿနာတွေ မဟုတ်လောက်ဘူးလို့ ယူဆတယ်ပေါ့နော်။ ဒါတွေကိုလည်း သက်ဆိုင်ရာ ဦးဆောင်သူတွေကနေပြီးပေါ့ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ဖို့ နည်းလမ်းတွေနဲ့ ပဋိပက္ခကို ဦးတည်စေတဲ့ အကြောင်းတရားတွေ ရှိလာတဲ့အခါ အမြန်ဆုံး တွေ့ဆုံဖြေရှင်းအဖြေရှာကြည့်ပြီး ဖြေရှင်းကြတာမျိုးတွေကို ဖြစ်စေချင်တယ်။

DW ။ ဒီလိုပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ ဒီလိုလှုံ့ဆော်မှုတွေက အဖွဲ့တစ်ခုက ရည်ရွယ်ချက်ရှိရှိလုပ်တာ ဖြစ်နိုင်သလို မထင်မှတ်ဘဲ လှုံ့ဆော်သလိုဖြစ်သွားတာတွေလည်းရှိတယ်။ ဒီတော့ လက်ရှိအခြေနေမှာ ဒီလိုလှုံ့ဆော်မှုမျိုးတွေ စမြင်နေရပြီလား။ ဒါမျိုးစတွေ့နေရပြီဆိုရင် အချိန်မလွန်ခင် တားဆီးဖို့ ဘာတွေ လုပ်သင့်သလဲ။ အဖွဲ့အစည်းတွေအနေနဲ့က ဘယ်လိုတွေ ထိန်းကျောင်းသင့်လဲ။

ဖြေ ။ အဓိက ကတော့ ကျွန်တော်တို့အမြင်အရ အခုနက ပြောသလို ဆိုရှယ်မီဒီယာက အကောင့်အတုတွေနဲ့ ရေးနေတာမျိုးတွေက ပိုပြီးများတယ်။ အခု ဆိုရှယ်အပေါ်မှာ လူမျိုးရေး ပဋိပက္ခကို ဦးတည်စေတဲ့ စကားလုံးတွေ၊ ပြောဆိုဆွေးနွေးချက်တွေကို တော်လှန်ရေးထဲ ထဲထဲဝင်ဝင် ပါဝင်နေသူတွေထက်စာရင် အကောင့်အတုတွေနဲ့ ပြောနေဆိုနေကြတာက ပိုပြီး ထင်သာမြင်သာ ရှိတယ်ပေါ့လေ။ အဲဒါကြောင့် ဆိုရှယ်မီဒီယာအသုံးပြုတဲ့အခါ တော်တော်သတိကြီးကြီးထားရမယ်။ နောက်တစ်ခုက ဒီလိုဆိုရှယ်အကောင့်တွေကို နည်းအမျိုးမျိုးနဲ့ အားပေးလို့မရဘူး။ ဖြစ်နိုင်လို့ရှိရင် အဲဒီအကောင့်တွေကို Report ထုတာဖြစ်ဖြစ် လုပ်တာမျိုးတွေ လုပ်ရမယ်လို့ ဖြစ်စေရမယ် လို့ ထင်တယ်။ ကျွန်တော့်အမြင်ကတော့ လူမျိုးရေး ပဋိပက္ခဆီကို ဦးတည်တာထက်စာရင် တော်လှန်ရေး တောက်လျှောက်ပြန်ကြည့်ရင် တပ်မဟာ ၄ (KNU) ဆိုရင်လည်း ပြောကြတယ်၊ ဆိုကြတယ်၊ အားမလိုအားမရဖြစ်ကြတယ်။ ကျွန်တော်တို့ အမြဲပြောတာရှိတယ် ကျွန်တော်တို့ စစ်ပညာ စသင်တဲ့အချိန် ကရင်နယ်မြေမှာပဲ သင်ကြရတယ်။ ဆိုတော့ သူတို့မှာလည်း သူတို့အခက်အခဲရှိမယ်။ အကျိုးစီးပွားကြည့်တဲ့ ခေါင်းဆောင်အချို့ရှိသလိုမျိုးပဲ တကယ် စစ်အာဏာရှင်စနစ်ကို မလိုချင်တဲ့ ကရင်လူငယ်တွေလည်း အများကြီးရှိတယ်ဆိုတာ အမြဲပြောပြဖြစ်တယ်။ တော်လှန်ရေးထဲ ပါဝင်နေသူ တစ်ဦးချင်းစီ၊ ခေါင်းဆောင် တစ်ဦးချင်းစီကနေပြီးတော့ လူမျိုးရေး အမုန်းတရားဖြစ်စေမယ့် သို့မဟုတ် ပဋိပက္ခကို ဦးတည်စေမယ့် အရေးအသားတွေ၊ ပြောဆိုဆွေးနွေးမှုတွေ၊ မှတ်ချက်ပြုတာတွေ၊ မျှဝေတာတွေ အပါအဝင် အဲဒါတွေကို သတိကြီးကြီးထားပြီးတော့ စောင့်ကြည့်သင့်တယ်။ ဒါတွေက အတူတကွ ဖြေရှင်းရမယ့်ကိစ္စတွေဖြစ်တယ်။ ကျွန်တော်တို့တိုင်းထဲမှာရှိတဲ့ လူကြီး၊ လူငယ်၊ လူလတ်တွေက ပဋိပက္ခတွေနဲ့ အတူတူကြီးပြင်းလာရတဲ့ လူမျိုးတွေ မဟုတ်ဘူးပေါ့နော်။ အရှေ့မှာ ပြောခဲ့သလို အတူတကွယှဥ်တွဲ နေထိုင်လာတာတွေ အဆက်ဆက်ရှိခဲ့တယ်ပေါ့။ အဲဒါကို ဆက်ထိန်းသိမ်းသွားဖို့က ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိတယ်။ (ပဋိပက္ခ ဦးတည်စေမှု) ကြီးမားကျယ်ပြန့်နေပြီလားဆိုရင် ကျွန်တော့်အမြင်အရ ဒီလို ပြောဆိုဆွေးနွေးမှုတွေသည် အခုမှ ဖြစ်ကြတာ မဟုတ်ဘူး။ အရင်ကတည်းက ဥပမာ ထားဝယ်ဆိုရင် ထားဝယ်ပါတီဆိုပြီး စပြီးထောင်ကတည်းက ထားဝယ်ဆိုရင် အသားလွတ်ဆဲတဲ့သူတွေရှိတယ်။ စသဖြင့် အဲဒီလိုဟာတွေ အပါအဝင် တချို့ ကိစ္စတွေက ကြီးမားကျယ်ပြန့်တဲ့ ပဋိပက္ခဆီကိုတော့ ဘယ်သောအခါကမှ ဦးမတည်ခဲ့ဘူး။ မဖြစ်ခဲ့ဘူး။ တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေမှု၊ မသင့်မြတ်မှုတွေရှိတာက ကျွန်တော်တို့လည်း ကြားနေရတာပဲ။ ပဋိပက္ခဆီ ဦးတည်လောက်တဲ့ အခြေအနေတော့ မဖြစ်သေးဘူး။ အဲဒါကို သက်ဆိုင်ရာ တာဝန်ရှိသူ တွေက ပါးပါးနပ်နပ်နဲ့ပဲ ဖြေရှင်းခဲ့ကြတယ်လို့ပဲ ထင်တယ်။ အထူးသဖြင့် တနင်္သာရီတိုင်းရဲ့ မတူကွဲပြားမှုတွေ၊ အတူတကွ ယှဥ်တွဲနေထိုင်ခဲ့ပြီး ဘယ်သောအခါကမှ ပဋိပက္ခ ဆိုပြီး မဖြစ်ခဲ့ကြဘူးဆိုတဲ့ အစဥ်အလာကောင်း အားလုံးက ဆက်ထိန်းသိမ်းနိုင်လိမ့်မယ်လို့ ထင်တယ်။

DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားနိုင်တယ်လို့ ယူဆလား။

ဖြေ ။ သေချာတာပေါ့။ စစ်အာဏာရှင်ခေတ်အဆက်ဆက်ကတော့ သူတို့က အာဏာရှင်စနစ် တည်ဆောက်ဖို့အတွက် ဘာသာရေး၊ လူမျိုးရေး အမုန်းတရားတွေ အခြေခံပြီး သက်ဆိုးရှည်ဖို့ ဗျူဟာအနေနဲ့ အသုံးချခဲ့ကြတာဖြစ်တယ်။ ဒါတွေကလည်းတိုင်းထဲက တော်လှန်ရေးမှာ ပါဝင်နေသူတွေရော၊ သက်ဆိုင်ရာ အစုအဖွဲ့ အသီးသီးက တာဝန်ရှိသူတွေရော ကောင်းကောင်းသိရှိ နားလည်ထားပြီးသားဖြစ်တယ်လို့ မြင်တယ်။ လူကြီးတွေရော၊ လူငယ်တွေရောပေါ့နော်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ကြားထဲမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ သို့မဟုတ် ပြဿနာတွေသာ ရှိလာခဲ့ပြီဆိုရင် တော်လှန်ရေးအတွက်က နာကိုနာလိမ့်မယ် ဆိုတာက အားလုံးကတော့ သိပြီးပြီဆိုတာကို လက်ခံထားတယ်လို့ ကျွန်တော်ကတော့မြင်တယ်။ တော်လှန်ရေး နာရင်တော့ ပြည်သူတွေနာမှာပေါ့။ ပိုပြီး အကျပ်အတည်း ဖြစ်မှာပေါ့။ ကျွန်တော်တို့ ရဲ့ တော်လှန်ရေး သည် ပြည်သူ့တော်လှန်ရေးဖြစ်တယ်။ ပြည်သူတွေပါဝင်မှ ရမယ့် တော်လှန်ရေးဖြစ်တယ်။ ပြည်သူတွေက လွတ်လပ်အမှီအခိုကင်းတဲ့ အခြေအနေကို ဦးတည်နိုင်ဖို့ကြိုးစားနေတဲ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတစ်ခုဖြစ်တယ်။ ဒီလိုအချိန်မှာ ပဋိပက္ခ ဖြစ်စေမယ့် ရေးသားပြောဆိုမှုတွေကို ကျွန်တော်တို့ တစ်ကိုယ်ရည်စာအတွက်ထက် အမြဲတမ်းပြည်သူတွေကို ကြည့်ရမယ်။ တော်လှန်ရေး နှောင့်နှေးသွားရင် ပြည်သူတွေ ပိုခက်ခဲကျပ်တည်းလာမယ်ဆိုတာမျိုးပေါ့။ အဲဒီလို ဖြစ်လာရင်တော့ အာဏာရှင်တွေက ပိုကြိုက်မှာဖြစ်တယ်။ အာဏာရှင်တွေ ကိုယ်တိုင်ကလည်း ဒါတွေကို အစဥ်အဆက်လုပ်ဆောင်ခဲ့ကြတယ်။ ဒါ့ကြောင့် တနင်္သာရီတိုင်း ရဲ့ အစဥ်အလာကောင်း ကိုတော့ အားလုံးက ဆက်ပြီးထိန်းရမယ်လို့တော့မြင်တယ်။

DW ။ လူမျိုးရေး၊ ဘာသာရေးအခြေခံတဲ့ပဋိပက္ခတွေက သတင်းအချက်အလက်အမှားတွေရယ်၊ မြေပြင်မှာရှိတဲ့လူတွေက သူတို့ယုံကြည်ချက်ကို ထုတ်ဖော်ပြောဆိုခွင့်မရတဲ့ အခြေအနေတွေမှာ ပိုဆိုးလာလေ့ရှိတယ်။ ဒီအခြေအနေမှာ အုပ်ချုပ်တဲ့တာဝန်ရှိသူတွေက မတူညီတဲ့ အမြင်တွေ ပြောဆိုရင်ဖွင့်ခွင့်ရအောင် ဘယ်လိုလမ်းဖွင့်ပေးသင့်လဲ။ လူထုကို သတင်းအချက်အလက် အမှတ်သိရအောင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်သင့်လဲ။

ဖြေ ။ အထူးအားဖြင့် အခြေအနေကတော့ တော်လှန်ရေး အခင်းအကျင်း ဖြစ်တယ်။ သိုသိပ်ရမယ့် သတင်း အချက်အလက်ရှိသလို လူထုကို ပေးရမယ့် သတင်းအချက်အလက်တွေကလည်း ပေးကိုပေးရမယ်။ အသိကိုပေးရမယ်။ ဒီလိုအချိန်မှာ အထူးသဖြင့် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်းတွေမှာက ဆိုရှယ်ပလက်ဖောင်းတွေရှိကြတယ်။ အဲဒါတွေကနေ အသိပေးတာမျိုး ပြောဆိုဆောင်ရွက်သင့်တယ်။ အလားသဏ္ဍာန်တူပဲ ဒေသတွင်းမီဒီယာတွေ အပါအဝင် မီဒီယာ ပလက်ဖောင်းတွေက တစ်ဆင့် တိုက်တွန်းဆော်သြမှုတွေ ဆောင်ရွက်သင့်တယ်။ တော်လှန်ရေး အစုအဖွဲ့ အချင်းချင်း ကြားထဲမှာလည်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ဦးတည်စေမယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ဖြစ်လာနိုင်ခြေရှိတဲ့ အခင်းအကျင်းတွေကို ညှိနှိုင်း အဖြေရှာပြီးတော့ စီစဥ်ဆောင်ရွက်တာတွေမျိုးပေါ့၊ အထူးသဖြင့် KNU နဲ့ဖြစ်ဖြစ်၊ NUG နဲ့ ဖြစ်ဖြစ် အခြားသော LPDF တွေနဲ့ ဖြစ်ဖြစ် တွေ့ဆုံကြပြီးတော့ မတူကွဲပြားတဲ့ သက်ဆိုင်သူတွေ တွေ့ဆုံပြီးတော့ လူမျိုးရေးနဲ့ ပတ်သက်တဲ့ ပဋိပက္ခတွေရှိလာခဲ့သည်ရှိသော် ဘယ်လိုနည်းလမ်းတွေ၊ ဘယ်လိုအခြေအနေတွေနဲ့ တားဆီးကြမလဲ၊ ဖြေရှင်းကြမလဲ ဆိုတာတွေကို အစီအမံတွေ၊ ပဋိပက္ခကို ဦးတည်စေမယ့် ပွတ်တိုက်မှုလေးတွေ ရှိနေကြတာမျိုးကြုံရင် ဒီလိုပွတ်တိုက်မှုကို ချက်ချင်း အဖြေရှာကြမယ်။ ဖြေရှင်းကြမယ်ဆိုတဲ့ အစီအမံတွေ ဆုံးဖြတ်ချက်တွေ ထားရှိသင့်တယ်။ ဒေသတွင်းမှာရှိတဲ့ လူထုအနေနဲ့ကလည်း အထူးသဖြင့် လူမျိုးရေး ပဋိပက္ခ ရှိနိုင်စေတဲ့ အခြေအနေ ပေးထားချက်တွေ ရှိနိုင်တဲ့ဒေသတွေမှာ ရှိတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး တာဝန်ရှိသူတွေက ဒေသတွင်း ပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံတာတွေမျိုး၊ နိုင်ငံတကာ ပြည်ပမှာရှိနေတဲ့ တော်လှန်ရေး ထဲ ပါဝင်နေတဲ့ သူတွေကိုလည်း ထိတွေ့ဆက်ဆံပြီးတော့ အကြံဉာဏ်ရဆွေးနွေးတာမျိုး အကြံပြုတာတွေ စသဖြင့်ပေါ့နော် နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်သင့်တယ်လို့ ထင်တယ်။

DW ။ တော်လှန်ရေးကာလမှာ မတူညီတဲ့ အစုအဖွဲ့၊ လူမျိုးစုတွေကြားမှာ ပွတ်တိုက်မှုတွေ ဖြစ်လာလေ့ရှိတယ်။ အဲဒီပွတ်တိုက်မှုတွေ လျော့ကျအောင်၊ ကြီးထွားမလာအောင် လူတစ်ဦးချင်းကရော ဘယ်လိုအချက်တွေကို သတိထားပြီး ပြောဆိုပြုမူနေထိုင်သင့်လဲ။

ဖြေ ။ တစ်ယောက်ချင်းအနေနဲ့ကတော့ အရှေ့မှာပြောခဲ့သလို ကျွန်တော်တို့က လူမျိုးရေးအရပဲ ဖြစ်ဖြစ်၊ ဘာသာရေးအရပဲဖြစ်ဖြစ် ကျွန်တော်တို့ အမြဲတမ်း တစ်ယောက်စီက နားလည်ထားဖို့ လိုအပ်တာက တနင်္သာရီတိုင်းသည် ဘာသာရေး လူမျိုးရေး မတူကွဲပြားမှုတွေကို ချစ်ချစ်ခင်ခင် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဖေးမပြီးတော့ နေခဲ့တဲ့ အစဥ်အလာကောင်းတွေက ရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်နေရာမှာဖြစ်ဖြစ် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အသွင်ဆောင်တဲ့ ပြဿနာတွေရှိတယ်။ သို့သော်လည်းပဲ တနင်္သာရီတိုင်းမှာ ဘယ်သောအခါမှ မရှိခဲ့ဘူး။ ဒါက တနင်္သာရီတိုင်းသား တစ်ယောက်အနေနဲ့ ဂုဏ်ယူရမယ့်ကိစ္စတစ်ခုဖြစ်တယ်။ တစ်ယောက်ချင်း စီက ပဋိပက္ခ ဖြစ်စေတဲ့ အကြောင်းအရာတွေကို အရေးအသားတွေ မှတ်ချက်ပြုမှုတွေကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့လိုတယ်။ အဲဒီလို ရေးသားပြောဆိုနေသူတွေကိုလည်း ကန့်ကွက်ရှုတ်ချဖို့လိုတယ်။ တစ်ဆက်တည်းမှာပဲ ဒီလိုပြဿနာတွေကို ဦးတည်မယ့် အခြေအနေတွေ ဖြစ်လာတဲ့အချိန်ဆိုရင်လည်း ဖြေရှင်းဆောင်ရွက်ဖို့အတွက်ကို အားပေးဆော်သြတာတွေမျိုး တိုက်တွန်းတာမျိုးကို လုပ်ခိုင်းစေချင်တယ်။

DW ။ လူထုကြားမှာ မတူညီတဲ့လူမျိုးစု တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား အမြင်မကြည်လင်မှုတွေဖြစ်လာရင် အုပ်ချုပ်သူတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲ။

ဖြေ ။ ချက်ချင်း ဆွေနွေးအဖြေရှာရမယ့် နည်းလမ်းတွေ၊ ပြဿနာတစ်စုံတစ်ခုဖြစ်လာပြီဆိုရင် ဥပမာ နည်းလမ်းဆိုတာက ပြဿနာတစ်ခုက ပဋိပက္ခကို ဖြစ်စေမယ့် ပြဿနာလား သို့မဟုတ် ချက်ချင်းဖြေရှင်းရမယ့် ပြဿနာလား၊ ရေတိုဖြေရှင်းရမှာလား၊ ရေရှည်ဖြေရှင်းရမှာလား စသဖြင့် အစီအမံတွေကို သက်ဆိုင်ရာ အစုအဖွဲ့တွေမှာ ထားရှိသင့်တယ်။ လိုအပ်တယ်။ ဖြစ်လာတဲ့အချိန်မှပဲ အရူးမီးဝိုင်း လိုက်လုပ်နေတာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ အုပ်ချုပ်ရေး အစုအဖွဲ့ တွေမှာ ပဋိပက္ခ အခြေအနေတွေကို မဖြစ်လာအောင် ဘယ်လိုတားဆီးမယ်။ဖြစ်လာခဲ့သည်ရှိသော် ဘယ်လိုလုပ်မလဲ သို့မဟုတ် ရေရှည်မှာ ဒီအခြေအနေတွေ လုံးဝမဖြစ်အောင် ဘယ်လို အစီအမံတွေ ဆောင်ရွက်မယ်ဆိုတာတွေ ထားရှိသင့်တယ်။ ပဋိပက္ခတွေကို ဖြစ်စေနိုင်တဲ့ အစုအဖွဲ့တွေနဲ့ပဲ ဖြစ်ဖြစ်၊ ခေါင်းဆောင်တွေ အချင်းချင်းကြားထဲမှာပဲဖြစ်ဖြစ် အပြန်အလှန် လေးစားချစ်ခင်တန်ဖိုးထားမှုတွေကို တည်ဆောက်ဖို့အတွက်ရယ်၊ တနင်္သာရီတိုင်းရဲ့ အစဥ်အလာကောင်းကို ထိန်းသိမ်းဖို့အတွက် တာဝန်ရှိတဲ့ အခြေအနေတွေကို ကောင်းကောင်း သိရှိနားလည်ပြီးတော့ အပြန်အလှန် ဆွေးနွေးပြောဆိုမှု ညှိနှိုင်းမှုတွေ ဆောင်ရွက်သင့်တယ်။ အထူးအားဖြင့် အခြေအနေသေးသေးပဲ ဆိုပြီး လက်ခံလိုက်တာမျိုးမဟုတ်ဘဲ၊ လျစ်လျူရှူတာမျိုးမဟုတ်ဘဲ အသေးလေးကနေ အကြီးကြီး ဖြစ်လာနိုင်တော့ ပြဿနာသေးသေးလေး ဖြစ်လာတာနဲ့ကို ကျွန်တော်တို့ လေးလေးနက်နက် ဖြေရှင်းဆောင်ရွက်ဖို့အတွက် အဲဒီလိုမျိုး ဖြစ်စေချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်

“အခုချိန်မှာ လူမျိုးရေးပြဿနာတွေ ဖြစ်လို့မရဘူး။ စစ်တပ်တပ်ရင်းတွေနဲ့ ကျွန်တော်တို့ဆိုတာ နီးနီးလေးပဲ။ ရွာတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာ သူတို့သိတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒါကိုထိန်းဖို့လိုတယ်”

သရက်ချောင်းမြို့နယ် ဒေသခံ လူငယ်တစ်ဦး

(သရက်ချောင်းမြို့နယ်တွင် ထားဝယ်၊ ကရင်၊ မွန်၊ ဗမာ တိုင်းရင်းသားအများစု နေထိုင်ကြပြီး ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထိန်းချုပ်နယ်မြေအချို့ရှိကာ KNU ၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများလည်း လည်ပတ်လျက်ရှိသည်)

DW ။ အတူယှဉ်တွဲ နေထိုင်တဲ့ တနင်္သာရီတိုင်းက လူမျိုးစုတွေအကြား နားလည်မှုလွဲစေမယ့် အရေးအသားတွေ လူမှုကွန်ရက်မှာ ရေးသားလာတာတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။ ဘာတွေ သတိထားမိတာရှိလဲ။

ဖြေ ။ အွန်လိုင်းမှာလည်းရေးနေကြသလို မြေပြင်မှာလည်း ဖြစ်နေကြတာရှိပါတယ်။ အဓိကကတော့ ကျွန်တော်တို့နားမှာဆိုရင် ကရင်လက်နက်ကိုင်တွေနဲ့ ထားဝယ်(အရပ်သား) တွေကြားမှာ ဖြစ်ကြတာပေါ့။ အမှုတစ်ခုခုဖြစ်လို့ရှိရင် သူတို့ကရင်လူမျိုးတွေကို‌ဆိုရင် အရေးယူတာတွေနည်းတယ်။ ထားဝယ်သားတွေဆိုရင် အထက်စီးကနေ ဆက်ဆံချင်ကြတယ်။ အဲဒါမျိုးတွေဖြစ်ကြတော့ ထားဝယ်ရွာတွေက မခံချင်ကြဘူး။ (ကရင်၊ ထားဝယ်) ရွာသားတွေအချင်းချင်းကြားမှာတော့ ဘာမှမဖြစ်ဘူး။ အေးအေးဆေးဆေးပဲ။

DW ။ ဒီလိုပွတ်တိုက်မှု သေးသေးလေးတွေကနေ ပဋိပက္ခကို အစပျိုးစေမယ့် လှုံ့ဆော်မှုတွေ ဖြစ်လေ့ရှိတယ်။ အချိန်မလွန်ခင်တားဆီးနိုင်ဖို့ဆိုရင် ဘာတွေလုပ်ရမှာလဲ။

ဖြေ ။ အခုလိုမျိုးတွေဆက်ဖြစ်နေရင် လူမျိုးရေးမုန်းတီးမှုတွေဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော်တို့လည်း သိပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ ထားဝယ်သားတွေက တတ်နိုင်သလောက် သည်းခံပြီးနေကြတယ်။ ဒါပေမဲ့ သည်းခံတယ်ဆိုတာက အတိုင်းအတာ ရှိတယ်လေ။ တစ်ဖက်တည်းက သည်းခံနေရုံနဲ့ ဒီကိစ္စတွေက ပြီးသွားမှာ မဟုတ်ဘူး။ သူတို့(KNU တာဝန်ရှိသူတွေ) ကလည်း လက်နက်ကိုင်ပြီး အနိုင်ကျင့်တဲ့ပုံစံမျိုး၊ အာဏာရှင်ပုံစံမျိုးမဖြစ်အောင် အောက်‌ခြေလက်နက်ကိုင်တွေကို ထိန်းဖို့လိုတယ်။ အခုက အောက်ခြေက သူတို့လူတွေဘာတွေ လုပ်နေကြသလဲဆိုတာ အထက်ကလူကြီးတွေ သိပုံမရဘူး။ မသိလို့လည်း ဒီလိုတွေဖြစ်နေတာလို့ ထင်တယ်။ တိုင်တယ်ဆိုရင်လည်း ဘာမှမထူးဘူး။ အောက်ခြေမှာပဲ ပြီးသွားကြတာများတယ်။

DW ။ လူမျိုးရေးအခြေပြု ပဋိပက္ခတွေဖြစ်လာရင် တော်လှန်ရေးအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာနိုင်လဲ။ စစ်အာဏာရှင်က ဒါကိုသူတို့အကျိုးအတွက် အသုံးပြုသွားနိုင်တယ်လို့ ယူဆလား။

ဖြေ ။ အခုနကပြောသလိုပဲပေါ့။ အခုအချိန်မှာ လူမျိုးရေးပြဿနာတွေ ဖြစ်လို့မရဘူး။ စစ်တပ်တပ်ရင်းတွေနဲ့ ကျွန်တော်တို့ဆိုတာ နီးနီးလေးပဲ။ ရွာတွေမှာ ဘာတွေဖြစ်နေသလဲဆိုတာ သူတို့သိတယ်။ တာဝန်ရှိသူတွေအနေနဲ့ ဒါကိုထိန်းဖို့လိုတယ်။ မထိန်းဘူးဆိုလို့ရှိရင် နောက်ဆိုရင် ပြဿနာ အကြီးကြီးဖြစ်လာနိုင်တယ်။

DW ။ အွန်လိုင်းပေါ်မှာ လူမျိုးစုတွေကြား အထင်လွဲစေရန် ရေးသားပြောဆိုနေတာလည်း တွေ့ရတယ်။ ဒီအဆင့်ကနေ ပဋိပက္ခကို ဦးတည်တဲ့ လှုံ့ဆော်မှုတွေ မဖြစ်သွားအောင် ဘယ်လိုထိန်းကျောင်းမလဲ။ သက်ဆိုင်ရာခေါင်းဆောင်တွေကရော ဘယ်လိုထိန်းကျောင်းသင့်လဲ။

ဖြေ ။ အောက်ခြေတပ်သားတွေ ဘာတွေလုပ်နေသလဲဆိုတာကို အရင်ဆုံးသိအောင်လုပ်ရမယ်၊ အထက်လူကြီး‌တွေအနေနဲ့။ ပြီးရင် အရေးယူပေးရမယ်။ ပါးစပ်ကပဲ အရေးယူတာမျိုး ဖြစ်လို့မရဘူး။ ကိုယ့်လူမို့လို့ဆိုပြီး ညှာနေလို့မရဘူး။ ညှာနေရင် ပြဿနာက ရှင်းမရအောင်ဖြစ်သွားလိမ့်မယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ လူမျိုးရေးပဋိပက္ခတွေက အခုချိန်မှာတော့ မဖြစ်သေးဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့နားမှာ‌တော့ နောက်ဆိုရင်ဖြစ်လာလိမ့်မယ်။ အောက်ခြေလက်နက်ကိုင်တွေက သူတို့လုပ်နေတာတွေဟာ လူမျိုးရေးပဋိပက္ခဖြစ်နိုင်တယ်ဆိုတာ သူတို့မသိဘူး။ နားလည်း မလည်ဘူး။ အောက်ခြေကလူတွေ နားမလည်ဘူးဆိုရင် အထက်အကြီးအကဲတွေက နားလည်ရမယ်လေ။ အခုက ဗျာ၊ အထက်အကြီးအကဲတွေက သိရက်သားနဲ့ပဲ တမင်လွှတ်ပေးထားသလား။ တကယ်ပဲ မသိဘူးလားတော့ မပြောတတ်ဘူး။ အောက်ခြေမှာ ဖြစ်နေတာ အားလုံး‌က‌တော့ ပရမ်းပတာ တွေချည်းပဲ။ မဖြစ်သင့်တာတွေမဖြစ်အောင် ကိုယ့်လူကိုယ် အချိန်မီထိန်းစေချင်တယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။