မြိတ်-ပုလော ပြည်ထောင်စုကားလမ်းကို ယနေ့ စက်တင်ဘာလ ၂၇ နံနက်အစောပိုင်း ပြန်ဖွင့်သဖြင့် ကားများသွားလာနေပြီ ဖြစ်ကြောင်း ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။
စက်တင်ဘာလ ၂၆ ရက် နံနက်က နှစ်ဖက်ပစ်ခတ်မှုရှိသဖြင့် ပုလောမြို့နယ် မီးလောင်ချောင်းရွာမှ မကျည်းကုန်းရွာအထိ မိုင် ၂၀ ကျော်ကို နှစ်ဖက်တပ်များက လမ်းပိတ်ခဲ့သည်။ နံနက် ၆ နာရီကတည်းက လမ်းပိတ်ထားသဖြင့် ခရီးသည်တင်ကားများ၊ ကုန်ကားများ၊ အိမ်စီးကားများ လမ်းတစ်လျောက်ပိတ်မိနေပြီး အရေးပေါ်လူနာတင်ကားအချို့ နောက်ကြောင်း ပြန်လှည့်လာရသည်။
“ဒီမနက် ပြန်ဖွင့်ပေးလိုက်ပြီ။ ကားတွေပုံမှန်အတိုင်း ပြန်သွားနေကြပြီ” ဟု မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။
မြိတ်မြို့က ယာဉ်လိုင်းလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားတစ်ဦးကလည်း ယနေ့ နံနက်တွင် ပုံမှန်အတိုင်း သွားလာ၍ ရနေပြီဖြစ်ကြောင်း ပြောဆိုသည်။
မြိတ်-ထားဝယ်-ရန်ကုန် ကားလမ်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ မကြာခဏ နှစ်ဖက်တိုက်ပွဲဖြစ်လေ့ရှိသောကြောင့် လမ်းပိုင်းပိတ်ဆို့မှု မကြာမကြာဖြစ်ပွားလေ့ရှိသည်။
ကုန်းလမ်းပိတ်ဆို့မှုကြောင့် ရန်ကုန်-ကော့သောင်း လေယာဉ်လက်မှတ်စျေးများ ကျပ်ခုနှစ်သိန်းခန့်အထိ မြင့်တက်လာသလို စပိဘုတ်ငှါးရမ်းခများလည်းမြင့်တက်လျက်ရှိသည်။