ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာတွင် တံတားပြိုကျပြီး ရဲအရာရှိတစ်ဦး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စက်တင်ဘာလ ၂၅ ရက် ည ၇ နာရီဝန်းကျင်တွင် ရဲအရာရှိမောင်ကိုကိုသည် အလယ်မန်ရွာသစ် လူသွားလမ်းတံတားတစ်နေရာ၌ ဖုန်းပြောနေစဉ် တံတားမတော်တဆပြိုကျသွားကြောင်း အလယ်မန်ရွာ ဒေသခံတစ်ဦးက ဆိုသည်။
တံတားပြိုကျချိန်တွင် ရဲအရာရှိမောင်ကိုကိုအပါအဝင် အခြားလူများလည်း ရေထဲပြုတ်ကျသွားကြောင်း ၎င်းက ပြောသည်။
“တံတားပြိုကျချိန် တံတားပေါ်မှာလူတွေလည်းတအား(အများကြီး) ပဲ။ တံတားပြိုကျတော့ အားလုံး ရေထဲပြုတ်ကျကုန်တာပေါ့။ သေတာကတော့ သူတစ်ယောက်တည်းသေတယ်။ တော်တော် ကံဆိုးတယ်ပြောရမယ်”ဟု အထက်ပါ အလယ်မန်ရွာဒေသခံက ဆိုသည်။
မောင်ကိုကိုသည် မြိတ်မြို့မရဲစခန်းတွင် ဒုရဲအုပ်ရာထူးဖြင့်တာဝန်ဆောင်ခဲ့ဖူးပြီး လက်ရှိတွင် ဘုတ်ပြင်းမြို့နယ် ရဲတပ်ဖွဲ့၌ တာဝန်ထမ်းဆောင်နေကာ မည်သည့်ရာထူးရှိသည်ကို အတိအကျမသိရသေးပေ။
သေဆုံးသွားသည့် ရဲအရာရှိ မောင်ကိုကိုသည် ဘုတ်ပြင်းမြို့နယ်မှ မြိတ်မြို့သို့ ရေလမ်းဖြင့်သွားရန် အလယ်မန်ကျေးရွာသို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့ခံအချို့က ဆိုသည်။
“သူ့မိသားစုကဘိတ်(မြိတ်)မှာဆိုတော့ ဘိတ်မှာနေတာများတယ်”ဟု ဘုတ်ပြင်းမြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူ၏ ဇနီးဖြစ်သူကလည်း ၎င်း၏ခင်ပွန်းရုတ်တရက် သေဆုံးသွားကြောင်း ဖေ့ဘုတ်လူမှုကွန်ရက်တွင် ပို့စ်တင်ထားခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ဖြုတ်ချသွားသည်။







