BREAKING
October 19, 2025

ရေဖြူ၊ ဖားချောင်းကျေးရွာအုပ်စုတွင် သုံးရက်ဆက် ထိတွေ့ပစ်ခတ်မှုဖြစ်

August 27, 2025

ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ ဖားချောင်းကျေးရွာအုပ်စု၊ ဆယ်အိမ်စုရွာ ဝန်းကျင်တွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းမဟာမိတ်များအကြား သြဂုတ်လ ၂၅ ရက်မှစ၍ သုံးရက်ဆက်တိုက် ထိတွေ့ပစ်ခတ်မှုများဖြစ်နေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံမှသိရသည်။

စစ်အာဏာရှင်တပ်က ဖားချောင်းကျေးရွာအုပ်စုနှင့် ဆက်စပ်နေသည့် ဦးပိုင်ဆီအုန်းခြံအတွင်း နေရာယူထားပြီး ဖားချောင်းကျေးရွာအုပ်စုဘက်သို့ လက်နက်ကြီးများ ပစ်ခတ်နေသည်ဟု ရွာသားများကဆိုသည်။

” လက်နက်ကြီး ပစ်နေတာတွေရှိတယ်။ မနေ့(သြဂုတ် ၂၆ ရက်) က ဆယ်အိမ်စု ဘုန်ကြီးကျောင်းဝင်းထဲ တစ်လုံးကျတယ်။ အခြားထိခိုက်မှုတော့မရှိဘူး။ ဆယ်အိမ်စု၊ တောင်ရင်းအင်းနဲ့ ဖားချောင်းရွာသုံးရွာကတော့ (စစ်)ရှောင်နေကြရတယ် ” ဟု တောရင်းအင်းရွာသားတစ်ဦးကပြောသည်။

သုံးရက်ဆက်တိုက် တိုက်ပွဲများအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်မှုရှိသည်ဟု တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့မှ တပ်ဖွဲ့တစ်ခု၏ ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

” တိုက်ပွဲဒုတိယတစ်ရက်မှာ သူတို့ဘက်က(စစ်အာဏာရှင်တပ်) ထိခိုက်မှုရှိတယ်။ တိုက်ပွဲပြီးတာနဲ့ ဆေးရုံကားနဲ့ လာသယ်သွားတာ တွေ့ရတယ်။ ဒီဘက်ကတော့ ထိခိုက်တာမရှိသေးဘူး။ ဒီနေ့တိုက်ပွဲကတော့ ထိခိုက်မှုအခြေအနေ စုံစမ်းနေတုန်းပဲ” ဟု ၎င်းကပြောဆိုသည်။

စစ်အုပ်စုနှင့်ဆက်စပ်သည့် ကံပေါက်ဦးပိုင် ဆီအုန်းခြံမှ ဝန်ထမ်းခြောက်ဦးနှင့် မိသားစုဝင်တစ်ဦးကို တော်လှန်ရေးပူးပေါင်း မဟာမိတ်တပ်များက စစ်ဆေးရန် ဖမ်းဆီးသွားပြီးနောက် စစ်အာဏာရှင်တပ်က ဦးပိုင်ဆီအုန်းခြံတွင် အင်အားတစ်ရာခန့်ဖြင့် တပ်ဖြန့်နေရာယူထားကြောင်း တော်လှန်ရေး အင်အားစုများကဆိုသည်။

ဖမ်းဆီးစစ်ဆေးနေသည့် ခုနစ်ဦးအနက် နှစ်ဦးကိုပြန်လွတ်ပေးလိုက်ပြီဖြစ်ပြီး ကျန်ငါးဦးကို စစ်ဆေးနေဆဲဖြစ်သည်ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖားချောင်းကျေးရွာအုပ်စုတွင် စစ်အာဏာရှင်တပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်နေသည့် မဟာမိတ်တပ်များတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနစစ်ကြောင်း၊ ဒေါနတပ်ခွဲ ၆၊ တပ်ခွဲ ၇၊ ရေဖြူ ပကဖ – ဇင်ယော်တပ်စု၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး၊ ဗထူးတပ် တို့ပါဝင်ကြသည်။