သရက်ချောင်းမြို့နယ်၊ စော်ဖျား၊ မိုးရွှေကုန်းနှင့် ဥတ္တူ စသည့် ကျေးရွာသုံးရွာတွင် စစ်အာဏာရှင်တပ် စစ်ကြောင်းက နေအိမ် ၇၀ ဆယ်ခန့် မီးရှို့ဖျက်ဆီးခဲ့ပြီး အရပ်သားနှစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ဒေသခံအချို့ထံမှ သိရသည်။
ဩဂုတ်လ ၁၇ ရက်တွင် ဥတ္တူရွာက ကားတစ်စီးနှင့် နေအိမ် တစ်လုံး၊ ဩဂုတ်လ ၂၂ ရက်တွင် မိုးရွှေကုန်းရွာက နေအိမ် ၁၉ လုံး၊ ဩဂုတ်လ ၂၅ ရက်တွင် စော်ဖျားရွာက နေအိမ် ၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောသည်။
မိုးရွှေကုန်းရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းအနီးတွင် စစ်အာဏာရှင်တပ်က သတ်ဖြတ်ခဲ့သည့် လူနှစ်ဦး၏ အလောင်းနှစ်လောင်းကို ယနေ့ ဩဂုတ်လ ၂၇ ရက် ယနေ့ နံနက်ပိုင်းတွင် တွေ့ရှိကြောင်း တောင်ပိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။
“မိုးရွှေကုန်းမှာ ရွာသားနှစ်ယောက်ကို လည်လှီးသတ်ခဲ့တယ်။ နာမည်နဲ့ အသက်တော့ မသိရသေးဘူး။ ကျွန်တော်တို့လည်း အလောင်းပဲတွေ့သေးတယ်။ လူက မှန်းလို့မရတော့ဘူး။ အသက်ကြီးပိုင်းထဲကပဲ” ဟု ၎င်းက ပြောဆိုသည်။
ထားဝယ်-မြိတ်သွားကားလမ်းပေါ်က ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းတပ်များ ဇွန်လ ၁ ရက်တွင် တိုက်ခိုက်သိမ်းယူမီးရှို့ခဲ့ပြီးနောက် ရွှေဂူတံတားစစ်ဆေးရေးဂိတ်နှင့် သရက်နှစ်ခွရွာတံတား စစ်ဆေးရေးဂိတ် အနီးဝန်းကျင်ရှိ ကျေးရွာများကို စစ်အာဏာရှင်တပ်က လှည့်လည်စစ်ကြောင်းထိုးနေသည်မှာ လနှစ်ချီကြာပြီဖြစ်သည်။
ဩဂုတ် ဒုတိယအပတ်တွင် သရက်နှစ်ခွ၊ ဥတ္တူ၊ ဆေးဖြတ်ကုန်း၊ ကျောက်လှေကား၊ မိုးရွှေကုန်း၊ စော်ဖျား စသည့် ကျေးရွာများကို စစ်ကြောင်းနှစ်ကြောင်းဖြန့်ကျက်ထိုးခဲ့ပြီး စစ်ကြောင်းနှင့် တွေ့သည့်အရပ်သား ဆယ်နှင့်ချီကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ဖမ်းဆီးထိန်းသိမ်းထားသူများကို လူသားဒိုင်းသဖွယ် ခေါ်ယူထားပြီး အချို့ကိုမူ ပစ္စည်းများသယ်ခိုင်းကာ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူအချို့နှင့် မိသားစုဝင်အချို့ထံမှ သိရသည်။
“စစ်ကြောင်းက (ဩဂုတ်လ ၂၅ရက်) မနက် ပြန်ထွက်တယ်လို့ပြောတယ်။ မြေသယ်ကား လေးစီးနဲ့ ပြန်ထွက်သွားတယ်။ မြေသယ်ကားတစ်စီးနဲ့ သူတို့လိုချင်တဲ့ပစ္စည်းတွေကိုလည်း ယူသွားကြတယ်။ မြေသယ်ကားတစ်စီးပေါ်မှာ ပစ္စည်းတွေ သယ်သွားတာ မြင်တဲ့သူတွေ မြင်တယ်” ဟု မိုးရွှေကုန်းရွာအနီးက အမျိုးသားတစ်ဦးက ပြောသည်။
ဩဂုတ်လ ၁၅ ရက်မှ ၂၂ ရက်အတွင်း စစ်အာဏာရှင်တပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်၏ တာဝန်ရှိသူက ဆိုသည်။
နှစ်ဖက်ထိတွေ့ပစ်ခတ်မှုတွင် စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိထားကြောင်း ၎င်းက ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက် မွန်းလွဲ ၂ နာရီနှင့် ညနေ ၅ နာရီခွဲခန့်တွင် တိုက်ပွဲမဖြစ်ဘဲ စော်ဖျားနှင့် မိုးရွှေကုန်းကျေးရွာတို့ကို စစ်အာဏာရှင်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူနှင့် ထားဝယ်ခရိုင်အမှတ်(၂) တပ်ရင်းက တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။