ရန်ကုန်-ထားဝယ်လမ်းပိုင်းဖြစ်သည့် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် ဩဂုတ်လ ၂၆ ရက် ညနေ ၃ နာရီခန့်မှစပြီး ခရီးသွားကားများ ရာ ချီပိတ်မိနေ၍ စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြောင်း ပိတ်မိနေသည့် ခရီးသွားများက ပြောသည်။
မလွှဲတောင်နှင့် ကလိန်အောင်လမ်းပိုင်းတွင် စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ် တို့အကြား ဩဂုတ်လ ၂၃ ရက် နေ့မှ ၂၅ ရက် နေ့အထိ သုံးရက်ဆက်တိုက် ထိတွေ့တိုက်ပွဲ ဖြစ်နေကြောင်း၊ တော်လှန်ရေးတပ်များဘက်က ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း ခရီးသွားတစ်ဦးကပြောသည်။
“တော်တော် ဒုက္ခရောက်နေတယ်။ ဒီလမ်းမမှာ ဘာစားစရာမှမရှိဘူး၊ ကျွန်တော်တို့ ရွာထဲဝင်ပြီး ထမင်းလိုက် တောင်းစားနေရတယ်။ ဒီမှာကားကြီးတွေရော ကားသေးတွေရော ရာချီရှိနေပြီ ကျမ်းမာရေး မကောင်းသူတွေလည်း ရှိနေတယ်။ ဘယ်အချိန်ဖွင့်မလဲ မပြောတော့ ကျွန်တော်တို့ ပြန်လှည့်ရမလား၊ မလှည့်ရဘူးလား ဆုံးဖြတ်မရသေးဘူး” ဟု ခရီးသွားတစ်ဦးကဆိုသည်။
ရန်ကုန်ပြန်လှည့်ပါက မိုင် ၃၀၀ ခန့်ပြန်သွားရမည်ဖြစ်သဖြင့် ပိတ်ထားသည့်လမ်းကို ဖွင့်ပေးစေချင်ကြောင်း ၎င်းကဆိုသည်။
မလွှဲတောင်-ကလိန်အောင် လမ်းပိုင်းတွင် သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းနှင့် ယနေ့နံနက်ပိုင်းတွင်မူ ပစ်ခတ်မှုမရှိခဲ့ကြောင်း ခရီးသွားတစ်ဦးက ထပ်မံပြောဆိုသည်။

ယနေ့ နံနက်စောစော ခရီးသွားယာဉ်အချို ခိုးထွက်သွားခြင်းကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် ရာဘာပင်များ ခုတ်လှဲပြီး ထပ်မံ့ပိတ်ဆို့ထားကြောင်း ပိတ်မိနေသည့် ခရီးသွားအချို့က ပြောသည်။
ယင်းအပြင် ယနေ့နံနက် ထားဝယ်မြို့ဘက်မှ တက်လာသည့် ခရီးသည်ယာဉ်များကိုလည်း လမ်းပိုင်းမှ ပြန်လှည့်ခိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။
စစ်အာဏာရှင်တပ်သည့် ယနေ့ နံနက်ပိုင်းတွင် ရာဖူးရွာသစ်သို့ ရောက်ရှိနေကြောင်း တော်လှန် ရေးတပ်များနှင့် နီးစပ်သူများက ပြောသည်။ ယင်းကြောင့်တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေတွင် ရှိနေသည်။
အမှတ် ၈ ပြည်ထောင်စုလမ်းမ ကလိန်အောင်လမ်းပိုင်းတွင် ဇူလိုင်လက စပြီး စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား စစ်ရေးပြင်းထန် နေခြင်းကြောင့် ယင်းလမ်းပိုင်းရှိ ကျေးရွာအချို့မှာ စစ်ဘေးရှောင်နေကြရသည်။







