BREAKING
October 19, 2025

အိမ်ချိပ်ပိတ်ခံထားရသော ဒလန်ဆိုသူများ၏ ဥယျာဥ်နှင့်ရော်ဘာခြံများကိုပါ ထပ်မံချိပ်ပိတ်

August 27, 2025

ပုံစာ - မြိတ်ခရိုင်တပ်ရင်း၂ က ချိပ်ပိတ်သိမ်းဆည်းခဲ့သည့် ဉယျာဉ်ခြံကိုတွေ့ရစဉ်။

တနင်္သာရီမြို့နယ်၊ ပဝကျေးရွာရှိ စစ်အာဏာရှင်တပ် သတင်းပေးဆိုသူများ၏ နေအိမ်များကို မြိတ်ခရိုင်တပ်ရင်း ၂ က ချိပ်ပိတ်ပြီးနောက် ဥယျာဥ်ခြံနှင့် ‌ရော်ဘာခြံများကိုလည်း ‌ဆေးနီသုတ်ပြီးစာကပ်ကာ ချိတ်ပိတ်လိုက်ကြောင်း သိရသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် ပဝရွာရှိ စစ်အာဏာရှင်သတင်းပေးဟုဆိုသူ ဦးမြင့်ဌေးနှင့် ဦးကြည်ဟုန်တို့၏ ရော်ဘာခြံနှင့်ဥယျာဥ်ခြံများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် ၂ တပ်ရင်းက ချိပ်ပိတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဩဂုတ်လ ၁၇ ရက်နေ့က ပဝရွာရှိ ဦးမြင့်ဌေး၊ ဦးကြည်ဟုန်နှင့် အခြားသူတစ်ဦးပိုင်သည့် နေအိမ် ၃ ဆောင်ကို မြိတ်ခရိုင်တပ်ရင်း- ၂က ချိပ်ပိတ်ခဲ့ပြီး နောက်တစ်ရက်တွင် ဦးမြင့်ဌေး၏ နေအိမ်ကို မြိတ်ခရိုင်တပ်ရင်း-၂ တပ်ဖွဲ့ဝင်များက လာရောက်ဖြိုဖျက်ပြီး သစ်သားများကို ကားဖြင့်တင်ဆောင်သွားကြောင်း ဒေသခံများက ပြောဆိုထားသည်။

ထိုနောက် ဩဂုတ်လ ၂၀ ရက်နေ့တွင် ဦးမြင့်ဌေး နှင့် ဦးကြည်ဟုန်ပိုင်ဆိုင်သည့် ရော်ဘာခြံနှင့် ဥယျာဥ်ခြံရှိ အပင်များတွင် ဆေးအနီရောင်ဖြင့်ကြက်ခြေခတ်ကာ ချိပ်ပိတ်သိမ်းဆည်းကြောင်း စာပြားများကပ်လိုက်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဦးမြင့်ဌေး၏နေအိမ်ကို ချိပ်ပိတ်ပြီးဖြိုဖျက်ကာ သစ်များယူပြီးနောက် ရော်ဘာခြံတစ်ခြံနှင့် ဥယျာဥ်ခြံတစ်ခြံကို ထပ်မံချိပ်ပိတ်ခဲ့သလို ဦးကြည်ဟုန်၏ နေအိမ်နှင့်ဥယျာဥ်ခြံတစ်ခြံကိုလည်း ထပ်မံချိပ်ပိတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဦးကြည်ဟုန်ခြံက သူပြေးကတည်းက ပေါင်ထားခဲ့တယ်။ သူ့ညီမတွေက ပြန်သွားထုတ်ထားတယ်။ ဒလန်ရောင်းထားခဲ့တဲ့ ပိုင်ဆိုင်မှုတွေ ဝယ်ခဲ့သူတွေလည်း အရှုံးပေါ်သလိုဖြစ်နေတယ်”ဟု အထက်ပါ ‌ဒေသခံက ဆိုသည်။

မြိတ်ခရိုင်တပ်ရင်း ၂ က ကပ်ထားသည့် ချိပ်ပိတ်ကြောင်း ဖော်ပြထားသည့်စာတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်သူများ၏ အိမ်၊ခြံ၊မြေ၊လယ်ယာ၊ဥယျာဥ်၊ယာဥ်ကြီး၊ယာဥ်ငယ်များ အားလုံးကို ချိပ်ပိတ်လိုက်ပြီး ထိုအရာများကို အသုံးပြုခြင်း၊သုံးစွဲခြင်းပြုပါက အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ချိပ်ပိတ်ခဲ့သည့် မြေအကျယ်အဝန်းမှာ ၈ ဧကကျော်ရှိပြီး ကွမ်းခြံမှာ အသီးသီးနေသည့် ကွမ်းပင်များရှိကာ ရော်ဘာခြံမှာလည်း လက်ရှိခြစ်နေသည့် ရော်ဘာခြံဖြစ်ကြောင်း ‌ ဒေသခံအချို့က ဆိုသည်။

အထက်ပါချိပ်ပိတ်သိမ်းဆည်းသည့်ကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၂၆ ရက် ညနေက ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၂ ၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် စာပို့မေးမြန်းထားသော်လည်း ဩဂုတ်လ ၂၇ ရက်နေ့လယ် ၁၂ နာရီအထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။