ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုတွင် ရောင်းချရန်အတွက် မြိတ်မြို့မှ ဝယ်လာသည့်ဆန်အိတ်များကို စစ်အာဏာရှင်တပ် ရေတပ်စစ်သင်္ဘောက သိမ်းယူလိုက်ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
လှေဖြင့် တင်ဆောင်လာသည့် ဆန်အိတ်တစ်ရာနီးပါးကို ဩဂုတ်လ ၂၄ ရက်တွင် စစ်အာဏာရှင်တပ်၏ အမှတ် 116 ရေတပ်စစ်သင်္ဘောက သိမ်းယူခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာများကို ဩဂုတ်လ ပထမအပတ်မှစတင်ကာ စစ်အာဏာရှင်စစ်သင်္ဘောများက ဆန်နှင့် စက်သုံးဆီ တင်သွင်းခွင့် ပိတ်ထားခဲ့သည်။
ယင်းသို့တင်သွင်းခွင့်ပိတ်ထားချိန် ကျေးရွာများတွင် ဆန်ပြတ်လပ်လာသည့်အတွက် ရှော်တောမော်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဘဒ္ဒနဲကျေးရွာအုပ်စုရှိကျေးရွာများကို ခွဲဝေရောင်းချရန် မြိတ်မြို့မှ ဆန်အိတ်တစ်ရာခန့် မှာယူခဲ့ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါဆန်အိတ်များတင်ဆောင်လာချိန် ရဘဒ္ဒနဲကျေးရွာအုပ်စု ရှော်တောမော်ရွာအရှေ့တွင် ရပ်နားထားသည့် 116 ရေတပ် စစ်သင်္ဘောမှ ဗိုလ်မှူးဖြစ်သူက သိမ်းယူလိုက်ကြောင်း ဘဒ္ဒနဲကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။
“အခုရွာမှာ အုပ်ကြီး(အုပ်ချုပ်ရေးမှူး) မရှိတော့ဘူး။ ဆန်အိတ်တွေသိမ်းတာ ဘယ်လိုမှ ဖြေရှင်းလို့မရဘူး။ အုပ်ကြီးလည်း စိတ်ညစ်ပြီး ရွာမှာမနေဘဲ မြိတ်တက်သွားပြီ။ ဒါလေးတောင် ရွာသားတွေအတွက် မလုပ်ပေးနိုင်ရင် သူရွာလူကြီး မလုပ်တော့ဘူးလို့ ပြောတယ်” ဟု အထက်ပါဒေသခံက ဆိုသည်။
၂၀၁၄ သန်းခေါင်စာရင်းအရ ဘဒ္ဒနဲကျေးရွာအုပ်စုတွင် လူဦးရေ ၆၅၀၀ ဝန်းကျင်ရှိသည်။
ဆန်အိတ်များကို ပြန်ပေးရန် ရှော်တောမော်ကျေးရွာ အုပ်ချုပ်ရေးမှူးက စစ်ကောင်စီရေတပ်စစ်သင်္ဘောက ဗိုလ်မှူးနှင့် အကြိမ်ကြိမ် ညှိနှိုင်းခဲ့သော်လည်း မရသည့်အတွက်လက်လျှော့ကာ ကျေးရွာမှထွက်သွားကြောင်း ဒေသခံအခြားတစ်ဦးက ပြောသည်။
အဆိုပါ ဆန်အိတ်များပြန်လည်ရရှိရေးအတွက် ရပ်မိရပ်ဖများက ဆက်လက်ညှိနှိုင်းနေကြောင်း အထက်ပါဒေသခံက ဆိုသည်။

“အုပ်ကြီးလုပ်တာ ကောင်းတဲ့အစီအစဉ်ပါပဲ။ ရွာသားတွေ ဆန်တင်လို့မရတော့ သူအနေနဲ့ ကျေးရွာအလိုက် လူဦးရေနဲ့ ကိုက်ပြီး ပြန်ခွဲပေးမှာ။ အခုကိစ္စက ဗိုလ်မှူးအနေနဲ့ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်ပါ” ဟု ၎င်းက ပြောသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကလည်း ဒေသခံများ စားသုံးမည့် ဆန်အိတ်များကို ရေတပ် စစ်သင်္ဘောက သိမ်းဆည်းသည်မှာ မှန်ကန်ပြီး မလုပ်သင့်သည့်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“သူတို့အုပ်စုထဲမှာရှိတဲ့ရွာနဲ့ လူဦးရေနဲ့မျှပြီး သူကစီစဉ်ပေးတာ။ တကယ်လည်းကောင်းတဲ့အစီအစဉ်ပါပဲ။ ဒါကို ဗိုလ်မှူး အနေနဲ့တော့ လုံးဝမလုပ်သင့်တဲ့ လုံးဝ စိတ်ဓာတ်အောက်တန်းကျတဲ့ အလုပ်ပေါ့”ဟု အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်က ပြောသည်။
ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် သွားလာနေသည့် စစ်အာဏာရှင်တပ် စစ်သင်္ဘောများက စက်လှေကြီးများနှင့် အမြန်ရေယာဉ်များကို တင်းတင်းကျပ်ကျပ်စစ်ဆေးနေပြီး ဆန်အိတ်များတင်ဆောင်လာပါက သိမ်းဆည်းကာ ဒဏ်ရိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။