မြန်မာဖိုက်တာ သန့်ဇင်ကို ပထမပွဲချီမှာတင် အလဲထိုးနဲ့ အနိုင်ရခဲ့တဲ့ PK ဆန်ချိုင်း Gym ကလပ်ရဲ့ထိုင်းဖိုက်တာ ဂင်ဆန်လက်က သူ့ကို သွေးလင်းထက်နဲ့ ပေးတွေ့ဖို့ တောင်းဆိုလိုက်ပါတယ်။
ဂင်ဆန်လက်က သွေးလင်းထက်သာ ပွဲထိုးဖို့ လက်ခံပေးမယ်ဆိုရင် သူ့ဘက်က ဝိတ်ကို ၁၀ ပေါင်လောက်လျှော့ပြီး သွေးလင်းထက် အဆင်ပြေမယ့် Straweight တန်းမှာ ပွဲကို ထိုးပေးမယ်လို့လည်း စိန်ခေါ်စကားဆိုထားပါတယ်။
ဂင်ဆန်လက် ဟာ ဖလိုင်းဝိတ်တန်းဖိုက်တာတစ်ယောက်ဖြစ်ပြီး သွေးလင်းထက် ကစားနေတဲ့ Straweight တန်းထက် ဖလိုင်းဝိတ်တန်းက ၁၀ ပေါင် ပိုမြင့်ပါတယ်။
သွေးလင်းထက်ကတော့ သူနဲ့ ဝိတ်တန်းတူမယ်ဆိုရင် ONE က စီစဉ်ပေးတဲ့ ဘယ်ဖိုက်တာနဲ့မဆို ပွဲထိုးဖို့ အသင့်ပါပဲလို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်။
PK ဆန်ချိုင်း Gym ကလပ်ပိုင်ရှင်ဟာလည်း သူ့ရဲ့ Gym က ဖိုက်တာတွေကို သွေးလင်းထက်က နှစ်ပွဲဆက် အလဲထိုးပြီး ဘောနပ်စ်တွေပါ ဆွတ်ခူးသိမ်းပိုက်သွားလို့ ခံပြင်းနေပါတယ်။
PK ဆန်ချိုင်း Gym ဖိုက်တာ ဂင်ဆန်လက်ကလည်း PK ဆန်ချိုင်း Gym ကိုယ်စား သွေးလင်းထက်ကို ရင်ဆိုင်ခွင့်ရချင်နေပြီး သွေးလင်းထက်က PK ဆန်ချိုင်း Gym ဖိုက်တာနှစ်ယောက်ကို အလဲထိုးအနိုင်ယူပြခဲ့သလိုမျိုး သူ့ဘက်ကလည်း မြန်မာဖိုက်တာနှစ်ယောက်ကို ဆက်တိုက်အနိုင်ယူပြချင်တယ်လို့ ဂင်ဆန်လက်က အသိပေးထားပါတယ်။
သွေးလင်းထက်ဟာ ရှေ့လာမယ့်ပွဲကို အနိုင်ရအောင် အစွမ်းပြနိုင်ခဲ့ရင် အမေရိကန်ဒေါ်လာတစ်သိန်းတန် စာချုပ်ကြီးနဲ့ နီးစပ်သွားနိုင်ခြေရှိနေတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။







