BREAKING
October 19, 2025

ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ်နဲ့ American Football ကစားသမားတို့ စေ့စပ်လိုက်ပြီ

August 27, 2025

ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ် ဟာ သူမရဲ့ချစ်သူ American Football ကစားသမား ထရာဗစ် ကယ်လ်စီနဲ့ စေ့စပ်လိုက်ပြီလို့ တရားဝင်ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။

တေလာဆွစ်ဖ်ဟာ အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာထက်မှာ “ခင်ဗျားတို့ရဲ့ အင်္ဂလိပ်စာဆရာမနဲ့ ကိုယ်ကာယပညာဆရာတို့ လက်ထပ်တော့မယ်”လို့ ရေးသားလွှင့်တယ်ပြီး သူမနဲ့ သူမရဲ့ချစ်သူတို့ စေ့စပ်လိုက်ပြီဆိုတာကို တရားဝင်အသိပေးသွားခဲ့တာပါ။

ဒီစာသားနဲ့အတူ American Football ကလပ် Kansas City Chiefs အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကယ်လ်စီက သူမကို လက်ထပ်ခွင့်တောင်းနေတဲ့ပုံတွေကိုလည်း ပေါ့ပ်ဂီတဘုရင်မ တေလာဆွစ်ဖ်က တွဲဖက်ဖော်ပြသွားခဲ့ပါတယ်။

တေလာဆွစ်ဖ် လွှင့်တင်ဖော်ပြထားတဲ့ဓာတ်ပုံတွေမှာ စိန်လက်စွပ်ကို ဆင်မြန်းထားတဲ့ တေလာဆွစ်ဖ်နဲ့ သူ့ချစ်သူ ကယ်လ်စီတို့ ပွေ့ဖက်ပြီး လက်ချင်းတွဲကာ ပျော်မြူးကြည်နူးနေတာကို မြင်ခဲ့ကြရပါတယ်။

မကြာသေးခင်ကမှ သူမရဲ့ ကမ္ဘာ့စံချိန်တင် Eras Tour ပြီးဆုံးခဲ့တဲ့ တေလာဆွစ်ဖ် ဟာ ဒီခရီစဉ်ပြီးဆုံးပြီးတဲ့နောက်မှာ သူမရဲ့စေ့စပ်ကြောင်းလမ်းသတင်းနဲ့အတူ ပရိသတ်တွေကို Surprise ထပ်လုပ်လိုက်တာပဲဖြစ်ပါတယ်။

တေလာဆွစ်ဖ် ဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဂီတကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ဆုတံဆိပ်ပေါင်းများစွာကိုလည်း ဆွတ်ခူးရရှိထားပါတယ်။

တေလာဆွစ်ဖ်ရဲ့ သီချင်းအများစုဟာ သူမရဲ့အရင်ချစ်သူဟောင်းတွေအကြောင်းကို ရေးဖွဲ့ထားတာကြောင့် သူမရဲ့အမာခံပရိသတ်တွေက သီချင်းစာသားတွေကို ကြားလိုက်တာနဲ့ ဒီသီချင်းက အချစ်ဟောင်း ဘယ်သူ့ကို ရည်ရွယ်ပြီး ရေးထားတယ်ဆိုတာ ချက်ချင်းပဲ ခန့်မှန်းနိုင်စွမ်းရှိကြပါတယ်။

တေလာဆွစ်ဖ်နဲ့ ကယ်လ်စီတို့ကို ချစ်သူဖြစ်ပြီးချိန်ကစလို့ ပွဲတွေတိုင်းလိုလိုမှာ တပူးတွဲတွဲ မြင်တွေ့ရတတ်လေ့ရှိပြီး NFL ကြယ်ပွင့် ကယ်လ်စီရဲ့ America Football ပွဲတွေကို တေလာဆွစ်ဖ်က လာရောက်အားပေးတတ်သလို တေလာဆွစ်ဖ်ရဲ့ဖျော်ဖြေပွဲတွေမှာလည်း ကယ်လ်စီကိုလည်း အမြဲလိုလို မြင်တွေ့ခဲ့ရပါတယ်။

တေလာဆွစ်ဖ် က ကယ်လ်စီရဲ့ podcast အစီအစဉ်မှာ ရှားရှားပါးပါး ပူးပေါင်းပါဝင်ပြီး သူတို့နှစ်ဦးရဲ့ဆက်ဆံရေးအကြောင်းကို ပြောပြပြီးတဲ့နောက် ရက်အနည်းငယ်အကြာမှာပဲ အခုလို သူတို့နှစ်ယောက်ရဲ့စေ့စပ်သတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Source – BBC Entertainment