BREAKING
October 31, 2025

အာဆင်နယ်အသင်း တိုက်စစ်မှူးသစ် ဗစ်ခ်တာ ဂျိုကရက်စ်၏ အင်တာဗျူး

July 27, 2025

အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူးသစ် ဗစ်ခ်တာ ဂျိုကရက်စ် ဟာ အာဆင်နယ် ပရိသတ်တွေအတွက် သူ့ရဲ့ ပထမဆုံးအင်တာဗျူးကို ဖြေကြားပေးခဲ့ပါပြီ။ စပို့တင်းလစ္စဘွန်းကလပ်မှာ ဘောလုံးရာသီ ၂ ရာသီအတွင်း ၉၇ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျိုကရက်စ်က သူဟာ အာဆင်နယ်ဂျာစီနဲ့ ပွဲထွက်ကစားပြီး ဂိုးသွင်းယူနိုင်မယ့် ခံစားချက်ကို မစောင့်နိုင်အောင်ဖြစ်နေပြီလို့လည်း ထုတ်ဖော်ဝန်ခံသွားခဲ့ပါတယ်။

ဥရောပဘောလုံးလောကရဲ့ အအောင်မြင်ဆုံး ဂိုးသွင်းရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်နေတဲ့ ဂျိုကရက်စ် က သူရဲ့ ကစားသမားဘဝ ရည်မှန်းချက်တွေ၊ အာဆင်နယ်ကို ရွေးချယ်ဖြစ်ခဲ့ပုံတွေအပြင် ပရီးမီးယားလိဂ်နဲ့ပတ်သက်တဲ့ သူ့ရဲ့ ခံစားချက်တွေကို အခုလို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

မေး ။ ဗစ်ခ်တာ ရေ။ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြီး ပထမဆုံးဂိုးကို သွင်းယူမယ့်ခံစားချက်အတွက် ဘယ်လိုတွေတောင် ရင်ခုန်နေပြီလဲဗျာ။

ဗစ်ခ်တာ ဂျိုကရက်စ် ။ “ကျွန်တော်က အမြဲတမ်းပဲ ဂိုးသွင်းဖို့ ဆာလောင်နေတဲ့သူပါ။ ဒီကလပ်အသင်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ဒီဂျာစီနဲ့ ဒီလိုဂိုတံဆိပ်ကို ရင်ဘတ်မှာတပ်ပြီး ပရိသတ်အားလုံးရဲ့ရှေ့မှာ ဂိုးသွင်းယူရမယ့်အချိန်ကို ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ တကယ့်ကို အံ့မခန်းတဲ့ အလန်းစားခံစားချက်ကြီး ဖြစ်လာမှာပါ”

မေး ။ ပရီးမီးယားလိဂ်မှာ တစ်ကျော့ပြန်လည် ကစားရဖို့ နီးစပ်လာပြီဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုတွေပြင်ဆင်ထားပြီလဲ?

ဗစ်ခ်တာ ဂျိုကရက်စ် ။ “ကျွန်တော် အင်္ဂလန်မှာပဲ အချိန်တော်တော်ကြာအောင် ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက ကျွန်တော်ဟာ ဘယ်လိုကစားသမားဖြစ်တယ်ဆိုတာကို သက်သေထူခွင့် မရခဲ့ပါဘူး။ အခုတော့ အဲဒီတုန်းကထက် ကျွန်တော် အများကြီး တိုးတက်လာခဲ့ပါပြီ၊ ရင့်ကျက်လာခဲ့ပါပြီ။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော်ဟာ ဘယ်လိုကစားသမားဖြစ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်နေပါပြီ။ အသင်းနဲ့အတူ အကောင်းဆုံး စွမ်းဆောင်ပြရင်း ဒါကို သက်သေထူနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်”

မေး ။ နိုင်ငံအသင်းအတွက် ကစားခဲ့တာတွေ၊ ချန်ပီယံလိဂ်အတွေ့အကြုံတွေက အာဆင်နယ်မှာကစားရတော့မယ့် ခင်ဗျားကို ဘယ်လို အထောက်အကူပြုမယ်လို့ ထင်မိပါသလဲ ဗစ်ခ်တာ ရေ?

ဗစ်ခ်တာ ဂျိုကရက်စ် ။ “ကိုယ့်နိုင်ငံအတွက် နိုင်ငံလက်ရွေးစင်အဖြစ် ကစားပေးခွင့်ရတာက တကယ့်ကို ဂုဏ်ယူဖို့ ကောင်းပါတယ်။ လက်ရွေးစင်အသင်းအတွက် ဂိုးတွေသွင်းရတာကလည်း လုံးဝ အံ့မခန်းပါပဲ။ စပို့တင်းမှာ ကျွန်တော် ကစားတုန်းက ချန်ပီယံလိဂ်မှာ ဂိုးတွေသွင်းနိုင်ခဲ့တာဆိုတော့ အဲဒီအဆင့်ကိုလည်း ကျွန်တော် ကစားနိုင်တယ်လို့ ခံစားမိပါတယ်။ အခု အာဆင်နယ်လို ထိပ်တန်းအသင်းဆီကို ရောက်လာပြီဆိုတော့ ဒီအသင်းမှာရှိတဲ့ စွမ်းဆောင်ရည်မြင့် ကစားသမားတွေအားလုံးနဲ့တွဲဖက်လိုက်ရင် ကျွန်တော်က ပိုပြီး ကောင်းလာလိမ့်မယ်လို့ ထင်မိပါတယ်။ အာဆင်နယ်နဲ့ ပထမဆုံးပွဲစဉ် စတင်ကစားဖို့အတွက် အရမ်းပဲ စိတ်လှုပ်ရှားနေပါပြီ”

မေး ။ ခင်ဗျားကို ကမ်းလှမ်းခဲ့တဲ့အသင်းတွေ အများကြီးထဲကမှ အာဆင်နယ်ကိုပဲ ဘာကြောင့် ရွေးချယ်ဖြစ်ခဲ့တာလဲ?

ဗစ်ခ်တာ ဂျိုကရက်စ် ။ “ကျွန်တော့်အတွက် ဒါဟာ မှန်ကန်တဲ့အသင်း၊ မှန်ကန်တဲ့ရွေးချယ်မှုလို့ ခံစားရတာကြောင့် အာဆင်နယ်ကို ရွေးချယ်ဖြစ်သွားခဲ့တာပါ။ နည်းပြ အာတေတာ၊ အားကစားဒါရိုက်တာ ဘာတာတို့နဲ့ ကျွန်တော် စကားပြောဖြစ်တုန်းက ကြားခဲ့ရတာတွေ၊ ပြီးခဲ့တဲ့နှစ်တွေတုန်းက အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်တွေကို မြင်ခဲ့ရတာတွေကြောင့်လည်း အာဆင်နယ်ဆီကိုပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်နဲ့ ချန်ပီယံလိဂ်မှာ ကစားခွင့်ရကတည်းက ဒါဟာ တကယ့်ကို အင်အားကြီးတဲ့အသင်း၊ ကစားရခက်တဲ့အသင်းဆိုတဲ့ခံစားချက်ကို ကျွန်တော် တကယ်ခံစားခဲ့ရပါတယ်”

မေး ။ အာဆင်နယ်ဆီကို ရောက်မလာခင်ကတည်းကပဲ အာဆင်နယ်ပရိသတ်တွေရဲ့အားပေးမှုတွေ ရခဲ့တယ်လို့ ကြားရတယ်။ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရလဲ?

ဗစ်ခ်တာ ဂျိုကရက်စ် ။ “အဲဒါတွေကြောင့်လည်း အာဆင်နယ်ကို ကျွန်တော် ရွေးဖြစ်သွားခဲ့တာပါ။ ပြီးတော့ ကလပ်ရဲ့သမိုင်းကြောင်းကြီးမားမှုနဲ့ ခိုင်မာတောင့်တင်းတဲ့ ပရိသတ်အားပေးမှုတွေ ရှိတာကလည်း ကျွန်တော့်ကို အရမ်းပဲ ဆွဲဆောင်ခဲ့ပါတယ်။ ကျွန်တော် မရောက်ခင်ကတည်းက အာဆင်နယ်ပရိသတ်တွေ အားပေးနေတာကိုမြင်ရတော့ လုံးဝကို အလန်းစားဖြစ်နေခဲ့ပါတယ်။ ဒီအရာတွေက အားလုံးရဲ့ အနှစ်သာရပါပဲ။ ကွင်းထဲမှာ အာဆင်နယ်ပရိသတ်တွေနဲ့ ဆုံရဖို့ကိုလည်း ကျွန်တော် မစောင့်နိုင်တော့ပါဘူး။ တကယ့်ကို အလန်းစားခံစားချက် ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော် ကြိုသိနေတယ်။ လူမှုကွန်ရက်မီဒီယာတွေကနေ အာဆင်နယ်ပရိသတ်တွေ အားပေးနေကြတာကို ကျွန်တော်က သွင်းဂိုးတွေနဲ့ ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ ဂိုးတွေသွင်းပြီး သူတို့နဲ့အတူတူ အောင်ပွဲခံချင်နေပါပြီ”

မေး ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ချန်ပီယံလိဂ်မှာ စပို့တင်းနဲ့ အာဆင်နယ်ပွဲတုန်းက ကစားခဲ့ရတဲ့ ခံစားချက်ကို ပြန်ပြောပြပေးပါဦး။ အခု အာဆင်နယ် ခံစစ်မှူးတွေနဲ့အတူ လေ့ကျင့်ရတော့မယ်လေ။ အဲ့ဒါကိုရော ဘယ်လိုမြင်မိလဲ။

ဗစ်ခ်တာ ဂျိုကရက်စ် ။ “အဲဒီတုန်းက ခင်ဗျားတို့ရဲ့ အာဆင်နယ်ခံစစ်က အရမ်းခိုင်မာတယ်ဗျ။ ဂိုးသွင်းဖို့ အခွင့်အရေး ဖန်တီးရတာ အရမ်းကို ခက်လွန်းခဲ့တယ်။ Set-piece တွေမှာ အရမ်းကောင်းပြီး ဂိုးဧရိယာရှေ့မှာလည်း အရမ်းပဲထိရောက်တယ်တာကို မြင်ခဲ့ရတယ်။ ငါးဂိုးတောင် သွင်းခဲ့တာလေ။ အသင်းက တိုက်စစ်ရော၊ ခံစစ်မှာပါ အရမ်းကောင်းတယ်လို့ ထင်ပါတယ်။ ကျွန်တော့်အတွက် တကယ့်ကို ခက်ခဲတဲ့ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော် ရင်ဆိုင်ခဲ့ရတဲ့ ဂါဘရီရယ်လ်၊ ဆလီဘားတို့လို အာဆင်နယ်ခံစစ်မှူးတွေနဲ့ တွဲဖက်ပြီး လေ့ကျင့်ရပါတော့မယ်။ တကယ်ပဲ ပျော်စရာကောင်းပါလိမ့်မယ်။ ကောင်မွန်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါတွေက ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာကိုလည်း အခုထက်ပိုပြီး မြင့်တက်သွားစေပါလိမ့်မယ်”