သရက်ချောင်းမြို့နယ်၊ ကြာအင်းရွာသို့ စစ်ကြောင်းထိုးရောက်ရှိလာသည့် စစ်ကောင်စီတပ်သည် ဒေသခံ ၁၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံအချို့က ပြောသည်။
သင်းကျွန်းရွာမှ ရန်တောင်၊ ဟင်းဘုတ်ချောင်းကျေးရွာသို့ စစ်ကြောင်းထိုးပြီးနောက် ကြာအင်းရွာသို့ ဇူလိုင် ၂၆ရက် ညနေပိုင်းတွင် ရောက်ရှိကြောင်း ၎င်းတို့က ဆိုသည်။
စစ်ကြောင်းထိုးလာချိန် ကြာအင်းရွာက အရပ်သား ၁၀ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဒေသခံအချို့က ပြောဆိုသည်။
“ဟင်းဘုတ်ချောင်းဘက်ကနေ ဝင်လာပြီး လမ်းမှာ တွေ့သမျှလူတွေကို ဖမ်းခေါ်လာတာပေါ့။ ကြာအင်းရွာက လူတွေလည်း ပါတယ်။ ဒီနေ့ (ဇူလိုင် ၂၇) မနက်အထိ ပြန်လွတ်တယ်လို့ မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ကြာအင်းရွာနှင့် မနီးမဝေးတွင်ရှိသည့် ကင်းရှေ့ရွာက အမျိုးသမီးတစ်ဦးကလည်း ဖမ်းဆီးခံထားရသူများ ပြန်လည်လွတ်မြောက်လာ သည်ဟု မကြားရသေးကြောင်း ဆိုသည်။
“ဖုန်းလိုင်းကလည်း ရတစ်ချက် မရတစ်ချက်ဆိုတော့ ဖမ်းထားတဲ့သူတွေ ပြန်လွတ် မလွတ် မသိရသေးဘူး။ မနက်က ညောင်ဇင်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ကြာအင်းရွာက အသိတစ်ယောက်ကိုဖုန်းဆက်တာမှာတော့ ပြန်လွတ်သံ မကြားရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။
ယခုနှစ် ဇန်နဝါရီလက ထားဝယ်-မြိတ်သွားကားလမ်းပေါ်က စစ်ကောင်စီတပ်၏ ရွှေဂူတောင်တံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းယူ ဖျက်ဆီးခဲ့ပြီးနောက် စစ်ကောင်စီတပ်က ယင်းနေရာတွင် ပြန်လည် တပ်စွဲထားသည်။
ထိုသို့တပ်စွဲပြီးနောက် ရွှေဂူတောင်တံတားစစ်ဆေးရေးဂိတ်အနီးဝန်းကျင်ရှိ ညောင်ဇင်၊ ရန်တောင်၊ သင်းကျွန်း၊ သရက်နှစ်ခွ၊ ရှင်မုတ္တထီး၊ ရောင်းမော်၊ ကြာအင်းစသည့် ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးနေသည်။
ဇူလိုင်လ ၁၉ ရက်တွင် စစ်ကောင်စီစစ်ကြောင်းသည် ရန်တောင်ရွာက အရပ်သားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ကာ အလောင်းကို မြေမြုပ်ဖျောက်ဖျက်ထားခဲ့သည်။
ဇူလိုင်လ ၁၆ ရက်နှင့် ၂၃ ရက်တို့တွင်လည်း ရန်တောင်၊ သရက်နှစ်ခွရွာက အရပ်သားအချို့ကို စစ်ကောင်စီတပ်က ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သေးသည်။