BREAKING
October 18, 2025

တက္ကသိုလ်ဝင်တန်းအောင်ချက် တနင်္သာရီတိုင်း နံပါတ် ၅ ချိတ်

July 27, 2025

ပုံစာ - ၂၀၂၃ -၂၀၂၄ ခုနစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်း လာရောက် ကြည့်ရှုနေသူများ (ပုံဟောင်း) ဓာတ်ပုံ - Dawei Watch

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းတွင် တနင်္သာရီတိုင်းက အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၅၈ ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ် ၅ ချိတ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

အောင်ချက်အမြင့်ဆုံးမှာ မွန်ပြည်နယ်၊ ဒုတိယအများဆုံးမှာ ရန်ကုန်တိုင်းဒေသကြီး၊ တတိယအများဆုံးမှာ ကယားပြည်နယ်၊ စတုတ္ထအများဆုံးမှာ မကွေးတိုင်းဒေသကြီးဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နံပါတ် ၉ သာချိတ်ခဲ့ပြီး ယခု ၅အထိ ရောက်ရှိလာခြင်းဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၄၅၄၁ ဦးရှိသည့်အနက် အောင်မြင်သူ ၂၂၉၇ ဦးရှိကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ဘာသာစုံ ဂုဏ်ထူးရှင် ကိုးဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၁၆ ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင် ၂၁ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၃၂ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၄၈ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၂၀၃ ဦးရှိကြောင်း ၎င်းက ဆိုသည်။

အောင်ချက်မြင့်မားရေးစီမံချက်ကို နှစ်စဉ် စာမေးပွဲဖြေခါနီး ဖေဖော်ဝါရီလတွင် လုပ်လေ့ရှိသော်လည်း ပြီးခဲ့သည့်နှစ်ကမူ အောက်တိုဘာလတည်းက ကြိုတင်ပြင်ဆင်မှုများကို ဆရာ၊ ဆရာမများအပြင် ကျောင်းသူ ကျောင်းသားများကိုပါ လုပ်ပေးခဲ့သဖြင့် အောင်ချက်မြင့်မားလာခြင်းဖြစ်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးက ပြောဆိုသည်။

“အောင်ချက်ကောင်းတာ နံပါတ် ၁ ကတော့ ကလေးတွေပေါ့။ နံပါတ် ၂ ကတော့ ဆရာ၊ ဆရာမတွေပေါ့၊ နံပါတ် ၃ ကတော့ မိဘပေါ့၊ မိဘရဲ့ပံ့ပိုးကူညီမှုကလည်း အများကြီးစကားပြောတာကိုး။ အထူးသဖြင့်ကတော့ သူတို့ရဲ့ပင်မ အလုပ်မဟုတ်ဘဲနဲ့ တက္ကသိုလ်နှစ်ခုက ထားဝယ်တက္ကသိုလ်နဲ့ မြိတ်တက္ကသိုလ်က ဘာသာရပ်ဆရာမတွေရဲ့ အခြေခံလိုအပ်ချက်တွေကို လာအားဖြည့်တာကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်တယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ၂၆၃၅ ရှိသည့်အနက် ၁၂၀၆ ဦးအောင်မြင်ပြီး ဂုဏ်ထူးပါသူ ၂၀၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၃၈ ရှိခဲ့သည်။

ဘာသာစုံဂုဏ်ထူးပါသူ သုံးဦး၊ ၅ ဘာသာ ဂုဏ်ထူးပါသူ ကိုးဦး၊ ၄ ဘာသာ ဂုဏ်ထူးပါသူ ရှစ်ဦး၊ ၃ ဘာသာဂုဏ်ထူးပါသူ ၁၃ ဦး၊ ၂ ဘာသာဂုဏ်ထူးပါသူ ၄၅ ဦးနှင့် ၁ ဘာသာ ဂုဏ်ထူးပါသူ ၁၂၆ ဦးရှိခဲ့သည်။