စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာချိန်တွင် ပြည်သူများမှာ ခရီးသွားဖို့ပင် မလွယ်ကူတော့သည့် အခြေအနေကို ဆိုက်လာနေသည်။
များလှစွာသော စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်များမှာ ပြည်သူများကို အမဲဖျက်ရန် ရည်ရွယ်၍ ဖွင့်ထားသလားဟုပင် ထင်မှတ်ရသည်။
စစ်ဆေးရေး ဂိတ်တစ်ခုရောက်ပါက ၎င်းတို့ပါးစပ်မှ ရွတ်သမျှ အထောက်အထားကို ပြသကြရသလို ပိုက်ဆံကလည်း အဆင်သင့်ပြင်ထားရသည်။
အထောက်အထား တစ်ခုမဟုတ်တစ်ခု လိုအပ်လာချိန်တွင် ပိုက်ဆံက အစားထိုးအထောက်အထား ဖြစ်လာသည်။
အထောက်အထား လိုအပ်ချက်များရင်များသလို ပိုက်ဆံပမာဏပိုများများ ပေးရမည်သာ။ အထောက်အထားဆိုသည်မှာလည်း တရားဝင် စာထုတ်ထားသည်မဟုတ် ပါးစပ်ထဲတွေ့သမျှရွတ်ပြီး တောင်းနေခြင်းသာဖြစ်သည်။
ယင်းကြောင့် ပြည်သူများမှာ ခရီးတစ်ခုသွားမည်ဆိုပါက မည်သည့်အထောက်အထားများ လိုသည်ကို လက်လှမ်းမီသမျှစုံစမ်းပြီး လိုမည်ထင်ရာအကုန် ယူဆောင်သွားကြရန် ပြင်ကြရသည်။
စစ်ကောင်စီ၏ အုပ်ချုပ်ရေးမတည်ဆောက်ထားနိုင်သော ဒေသများဆိုပါက ရပ်/ကျေး ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာရဖို့ မလွယ်ကူသဖြင့် များစွာအခက်ကြုံကြရသည်။
ယင်းအပြင် နယ်ကျော်ခရီးသွားမည့် သူများဆိုပါက သက်ဆိုင်ရာဒေသမှ လက်ခံမည့်သူ၏ သန်းခေါင်စာရင်းကိုပင် တောင်းတတ်သေးသည်။
ယခင်က မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ယာဉ်မောင်းလိုင်စင် လောက်သာလိုရာမှ ယခုအခါ စမတ်ကတ်၊ ရပ်/ကျေး ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ သွားရောက်မည့် ဒေသခံ၏ ထောက်ခံစာ စသဖြင့် တောင်းချင်ရာတောင်းလာသည်။
နောက်ဆုံးတွင် ပိုက်ဆံက အဖြေဖြစ်သည်။ အထောက်အထားလိုနေ၍ ပိုက်ဆံပေးမည် ဆိုလျှင်လည်း လွယ်လွယ်ကူကူမရ။
ပြည်သူများမှာ အောက်ကျို့ပြီး တောင်းတောင်းပန်ပန်နှင့် ပေးကြရသလို ၎င်းတို့က အင်မတန် ကြင်နာသနားသဖြင့် ပိုက်ဆံလက်ခံ၍ ဖြတ်သန်းခွင့်ပေးလိုက်သည့်ဟန် ဖမ်းကြသေးသည်။
စစ်ကောင်စီတပ်မှာ ပြည်သူများကို နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ရန် သက်သက်သာရှိနေသဖြင့် ပြည်သူများမှာ စိတ်ရောကိုယ်ပါ ပင်ပန်းခက်ခဲလာနေသည်။
ယင်းအခြေအနေများကို သိရှိနိုင်ရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။
“ပြည့်စုံအောင်ထည့်လာရင်လည်း ငွေလိုလို့ရစ်တာ တော်တော်စိတ်ပျက်စရာကောင်းတယ်”
အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး၊ ဘန်ဂလားကျေးရွာအုပ်စု၊ ဘုတ်ပြင်းမြို့နယ်
DW ။ မြိတ်-ဘုတ်ပြင်းလမ်းပိုင်းမှာ ခရီးသည်တွေလမ်းခရီးသွားရင် စာရွက်စာတမ်းနဲ့ပတ်သက်ပြီး ဘာတွေလိုအပ်လဲရှင့်။
ဖြေ ။ ဘာတွေလိုအပ်လဲဆိုတော့အရေးကြီးဆုံးက ငွေပေါ့။ စာရွက်စာတမ်း (အထောက်အထား စာရွက်စာတမ်းမျိုးစုံ) တွေကပါရင်လည်း စစ်ချင်မှ စစ်တယ်။ မပါရင်လည်းငွေထိုးပေးလိုက်ရင် အဆင်ပြေတယ်။ အခုလောလောဆယ်တော့ စမတ်ကတ်တွေ ရိုက်ပေးနေတာဆိုတော့ စမတ်ကတ်ကို သွားတိုင်းယူဆောင်နေရတယ်။
DW ။ လမ်းမှာရှိတဲ့ ဂိတ်တွေအားလုံးနီးပါး စာရွက်စာတမ်းတွေ စစ်တာမျိုးရှိလားရှင်။
ဖြေ ။ အသက်ကြီးပိုင်းတွေကိုတော့ စာရွက်စာတမ်းတွေ သိပ်မစစ်ဆေးဘူး။ သူတို့သတ်မှတ်တဲ့ ငွေပမာဏပေးလိုက်ရင် အဆင်ပြေသေးတယ်။ စစ်မှုထမ်းအကျုံးဝင်တဲ့ လူငယ်တွေကိုတော့ ပိုစစ်တယ်၊ပိုရစ်တယ်။ ဟိုဟာပါရင် ဒီဟာမပါလို့ ရစ်တယ်။ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းတွေက ငွေပိုပေးနိုင်ရင်တော့ ဂိတ်တွေကဖြတ်ခွင့်ပေးတယ်။
DW ။ ဘယ်ဂိတ်တွေမှာ စစ်ဆေးတာပိုတင်းကျပ်လဲရှင်။
ဖြေ ။ ဘိတ်(မြိတ်) ဘက်ကနေလာမယ်ဆို တနင်္သာရီမရောက်ခင်အထိ တစ်လမ်းလုံးဂိတ်တွေ တော်တော်စစ်တယ်။ တနင်္သာရီကျော်ရင်တော့ စစ်ဆေးတာနည်းတယ်။ အဆိုးဆုံးကတော့ နာမည်ကြီး ကြေးနန်းတိုင်တံတားစစ်ဆေးရေးဂိတ် ပေါ့လန်း(နော်)။မှတ်ပုံတင်ပါရင် စမတ်ကတ်ကိုအကြောင်းရှာ။ မလုပ်ထားလို့ ဘာညာ ခရီးသွားထောက်ခံစာမပါလို့ ဘာညာ အသေရစ်တယ်။
DW ။ ကားအမျိုးအစား (ခရီးသည်တင်ကား၊ကုန်ကား)တွေနဲ့ ပတ်သက်ပြီး စစ်ဆေးတာမျိုးရော ရှိလားရှင်။
ဖြေ ။ ကားသမားတွေအပေါ်လည်း မူတည်သေးတယ်။သူတို့က ပြောတတ်ဆိုတတ်ရင်တော့ ခရီးသည်တွေ အရစ်ခံရတာ နည်းတယ်ပေါ့နော်။တချို့ ကားသမားတွေကျတော့လည်း ပြောဆိုမတတ်ရင် ခရီးအချိန်လည်းကြာတယ်။ တော်တော်လေးအရစ်ခံရတယ်။ ခရီးသည်အိတ်တွေပါ ဖွင့်စစ်တဲ့အထိလုပ်တာ။
DW ။ နောက်ဆုံးဘယ်အချိန်က ခရီးသွားခဲ့လဲ။ ဘာတွေစစ်ဆေးလဲရှင်။
ဖြေ ။ ပြီးခဲ့တဲ့တစ်ပတ်ကတော့ ဘိတ်(မြိတ်) ခဏတက်သွားသေးတယ်။ မှတ်ပုံတင် စစ်တယ်။ စမတ်ကတ် ရိုက်ထားပြီးလား ဘာညာမေးတယ်။ကျွန်မတို့ရွာဘက်မှာက လာမလုပ်ပေးသေးတော့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တယ်။ထုံးစံအတိုင်း ဆက်ကြေးကတော့ ပေးရတာပေါ့။
DW ။ တော်လှန်ရေးဂိတ်တွေနဲ့ စစ်ကောင်စီဂိတ်တွေမှာ စစ်ဆေးတာဘာတွေကွာခြားလဲရှင်။
ဖြေ ။ PDF ဂိတ်တွေကိုပြောတာလား။ကျွန်မတို့က PDFပဲသိတော့လေ။တော်လှန်ရေးဂိတ်တွေက သိပ်မစစ်ပါဘူး။ ဘယ်သွားကြမလဲ မေးတယ်။အရှေ့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်ဆိုလည်း သတိပေးတယ်။ အလှူခံတယ်။ မှတ်ပုံတင်ခဏတောင်းကြည့်တယ်။ အမြဲတမ်းတော့မဟုတ်ဘူး။ တစ်ခါတလေမှ တောင်းကြည့်တယ်။ စစ်ကောင်စီဂိတ်တွေကတော့ ရွာကားသမားတောင် ခရီးသည်တွေ မတင်ချင်တော့ဘူးတဲ့။ အရစ်ခံရလို့လေ။ဘာနေနေ ပြည့်စုံအောင်ထည့်လာရင်လည်း ငွေလိုလို့ရစ်တာ တော်တော်စိတ်ပျက်စရာကောင်းတယ်။ မလွှဲသာလို့သာသွားနေရတာ ဒီခရီးတွေ။
DW ။ ကျေးဇူးတင်ပါတယ်ရှင်။
“အထောက်အထားတွေ ယူနေရတာ ပင်ပန်းတာပေါ့။ အရင်တုန်းကဆို မှတ်ပုံတင် တစ်စောင်တည်းနဲ့ ပြီးနေတဲ့ကိစ္စ”
ရန်ကုန် – ထားဝယ် ခရီးသည်တင်ယာဥ်မောင်းတစ်ဦး
DW ။ ရန်ကုန် – ထားဝယ် ကားလမ်းပိုင်းမှာ ခရီးသည်တွေ က ခရီးသွားတဲ့အခါ ဘာတွေ ယူဆောင်နေရလဲ။
ဖြေ ။ ခရီးသွားထောက်ခံစာပေါ့။ ရပ်ကွက်နဲ့ ရဲစခန်း ထောက်ခံစာယူရတယ်။ ၆ မျဥ်းစောင်း (တနင်္သာရီတိုင်း မှတ်ပုံတင်) တွေကတော့ သိပ်ပြီး ကြီးကြီးမားမား မလိုအပ်သေးဘူး။ ကျန်မျဥ်းစောင်း၊ မျဥ်းစောင်းကွဲ( တနင်္သာရီတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်သူ) တွေမှ နည်းနည်း ထပ်တိုးယူရတာရှိတယ်။
DW ။ တနင်္သာရီတိုင်း မှတ်ပုံတင် မဟုတ်သူတွေက ဘာတွေ ထပ်တိုးယူရလဲ။ အဲဒီလို ခရီးသည်တွေရော ပို့ပေးဖူးလား။ ဘာတွေကြုံရဖူးလဲ။
ဖြေ ။ ရန်ကုန်ကနေ ပါလာတာမျိုး ဆိုရင် သူတို့မှာ ထားဝယ်က လက်ခံပေးမယ့်သူရဲ့ သန်းခေါင်စာရင်း (အိမ်ထောင်စု စာရင်း) လိုအပ်တယ်။ တနင်္သာရီတိုင်းအဝင်တစ်ခုပါပဲ။ တနင်္သာရီတိုင်း အဝင် မလွှဲတောင်မှာ ဥပမာ ၁၄ မျဥ်းစောင်း ( ဧရာဝတီတိုင်း မှတ်ပုံတင် ကိုင်ဆောင်သူ) တစ်ယောက်ပါလာမယ်၊ အဲဒီလူမှာ ခရီးသွားထောက်ခံစာ (ရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာ) ပါရမယ်။ မှတ်ပုံတင် ပါလာရမယ်။ အဲဒါဆိုသွားလို့ရတယ်။ မလွှဲတောင် ရောက်တဲ့အခါ ထားဝယ်မှာ သူ့ကို လက်ခံပေးမယ့် သူရဲ့ အိမ်ထောင်စု စာရင်း ပေါ့၊ ပြီးတော့ သူက ဘာကိစ္စ နဲ့လာလဲ၊ လက်ခံမယ့်သူနဲ့ တိုက်ရိုက်အဆက်အသွယ် လုပ်ပြီးရင် အဲဒီလူ သေချာလားပေါ့ အတည်ပြုပေးဖို့လည်း လိုတယ်။ အဲဒီလို အတည်ပြုပေးရင်ရတယ်။ တကယ်လို့ အတည်ပြုပေးဖို့ လူမရှိရင် အဲဒီလူကို မလွှဲတောင်ကနေ ဖြတ်ခွင့်မပေးဘူး။
DW ။ အစ်ကို ရန်ကုန်-ထားဝယ် ခရီးသည်တင်ကားမောင်းနေတာ ဘယ်လောက်ကြာပြီလဲ။ အစ်ကို ရဲ့ ယာဥ်မောင်း သက်တမ်းတစ်လျှောက် ခရီးသည်တွေ ကိုင်ဆောင်လာရတဲ့ အထောက်အထားတွေ ဘာတွေ ဝန်ပိုလာသလဲ။
ဖြေ ။ ရန်ကုန်-ထားဝယ် ကားမောင်းနေတာက သုံးနှစ်ကျော်ပြီ။ အရင်က ယူစရာ ဘာမှမရှိဘူး။ မှတ်ပုံတင် တစ်စောင်(ခရီးသွားရန် အထောက်အထား ယူစရာ) ပဲရှိတယ်။ လမ်းမှာ ဂိတ်တွေတိုးလာတယ်။ ပြီးရင် ခရီးသွားထောက်ခံစာ လိုတာတွေ တိုးလာတယ်။
DW ။ လမ်းတစ်လျှောက်မှာ ခရီးသွားထောက်ခံစာ ကို ဘယ်ဂိတ်တွေက အများဆုံးစစ်ဆေးလဲ။
ဖြေ ။ ခရီးသွားထောက်ခံစာ တွေ စစ်တာက ဂိတ်တော်တော်များများကို စစ်တာ။ ရေးတံတားမှာ စစ်တယ်။ ပြီးရင် ဘုရားသုံးဆူ၊ သံဖြူဇရပ် တကြောမှာပေါ့။ ပြီးရင် မော်လမြိုင်အဝင်၊ ပြီးတော့ စစ်တောင်းတံတားတွေ အဲဒီနေရာတွေမှာ စစ်တယ်။ မလွှဲတောင် မှာလည်း စစ်တယ်။ ကလိန်အောင် မှာ စစ်တယ်။ ရေဖြူမှာ စစ်တယ်။ အိမ်ရှေ့ပြင် မှာ စစ်တယ်ပေါ့။
DW ။ ခရီးသည်တွေ အခုလို ထောက်ခံစာ တွေ ယူနေရတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ ။ သြော် သူ့ခေတ်မှာဆိုတော့…… ။ တကယ်ကတော့ ဒါတွေက ယူနေရတာ ပင်ပန်းတာပေါ့ကွယ် ပြောရမယ်ဆိုရင်၊ ပင်ပန်းနေရတာပေါ့၊ အရင်တုန်းကဆို မှတ်ပုံတင် တစ်စောင်တည်းနဲ့ ပြီးနေတဲ့ ကိစ္စ ပါ။ တစ်ချို့ အခက်အခဲ က ဘယ်လိုဖြစ်နေလဲ ဆိုတာ ပြောပြရရင် ရပ်ကွက် အုပ်ချုပ်ရေးမှူး မရှိတဲ့ရွာ တွေရှိတယ်။ အုပ်ချုပ်ရေးမှူး မရှိတဲ့ရွာတွေဆိုရင် ထောက်ခံစာ ယူရခက်ခဲတယ်။ အတော်လေးကို ခက်ခဲတယ်။ အုပ်ချုပ်ရေးမှူးမရှိလို့ ရဲစခန်း ဆိုတော့လည်း ရဲစခန်းတွေက အဲဒီမြို့နယ်မှာ မြို့နယ်စခန်းအထိသွားယူနေရတာပေါ့။ ပင်ပန်းနေတာပေါ့။ ပင်ပန်းတာက တော့ တော်တော်ပင်ပန်းတယ်။ အုပ်ချုပ်ရေးမှူး မရှိတဲ့ရွာတွေ ပိုပြီး ပင်ပန်းတယ်။
DW ။ ကျေးဇူးတင်ပါတယ်။
“ထောက်ခံစာက တစ်ရက်ပဲရတယ်။ ဒီနေ့လုပ်သွားတဲ့ထောက်ခံစာ မနက်ဖြန် သွားပြလို့မရဘူး”
ရေဖြူမြို့နယ် နဘုလယ်ဒေသခံတစ်ဦး
DW ။ ထားဝယ်မြို့ပေါ် သွားလို့ ဂိတ်ဖြတ်တဲ့အခါ ဘာတွေကြုံရလဲ။
ဖြေ ။ ဂိတ်ဖြတ်တဲ့အခါမှာ စိုးရိမ်ရတာကဖုန်းပါပဲ။ ကိုယ်အပေါ်သူတို့က ဘယ်လို ဖုန်းစစ်ပြီး ဘယ်လိုကောက်ချက်ချမလဲ ဆိုတာမသိနိုင်ဘူးလေ။ အခုကအဖမ်းဆီးကြမ်းနေတယ် ဆိုတဲ့အခါကျတော့ သွားရလာရတာ မလွတ်လပ်ဘူး။ တကယ်လိုများ စစ်ဆေးခံရလို့ အဖမ်းခံရမှ ကြောက်တယ်။
DW ။ ခရီးသွားတဲ့အခါမှာ လိုအပ်တဲ့ အထောက်ထားကရော ဘာတွေရှိလဲ။
ဖြေ ။ အခုဆိုရင် ထောက်ခံစာလုပ်ခိုင်းတယ်။ လောလောဆယ် သာမန်ခရီးသွားတွေ မပါသေးဘူး။ ပါစင်ဂျာ(ခရီးသည်) ကားတွေ ကိုပဲလုပ်ခိုင်းသေးတယ်။ ပိုပြီးစိုးရိမ်ရတာပေါ့။ သူတို့က ဘာကြောင့်လုပ်ခိုင်းမှန်းမသိဘူးလေ။ အစ်မတို့ ဒေသမှာ ထောက်ခံစာ ပေးဖို့ ဘာအုပ်ချုပ် ရေးမှုးမှမရှိဘူးလေ။ ယူဖို့လည်းမလွယ်ကူဘူး။ အခုက သူတိုစစ်ကောင်စီနဲ့ အဆက်အသွယ်ရှိတဲ့ သူကပဲ ယူလို့ရတာ။ အစ်မတို့ဘာသာအစ်မ တို့သွားမယူရဲဘူး။ သူတို့ဘာတွေ မေးပြီး ဘာတွေ စစ်မယ်ဆိုတာလဲမသိတော့ သွားမယူရဲဘူး။
DW ။ ဘာကြောင့်မယူရဲတာလဲ။ အဲဒီအပေါ်ဘာတွေ စိုးရိမ်မှုရှိလဲ။ ဘာတွေအခက်အခဲရှိလဲ။
ဖြေ ။ သူတို့ဆီသွားရတာကိုက အန္တရာယ်လေ။ သူတို့မေးတာပြန်ဖြေရတာကလည်း ခက်ခဲတယ်။ ကိုယ်တိုင်သွားပြောလို့ရော ထောက်ခံစာရလာမလား။ ဒါမှမဟုတ်သူတို့ နဲ့ နီးစပ်သူ တစ်ယောက်ယောက်နဲ့ သွားမှအဆင်ပြေမလားဆိုတာမျိုးတွေပေါ့။ အစ်မတို့ ဒေသက သာမန်လူတွေ အနေနဲ့ ဆိုရင် ထောက်ခံစာရဖို့ လွယ်ကူမနေဘူး။ လက်ရှိမြို့ပေါ်နေ့တိုင်း တက်ဆင်းလုပ် နေတဲ့ ကားသမားတွေ လောက်ပဲ ရေနက်ဆိပ်ကမ်းမှာ ထောက်ခံစာသွားယူနေကြတာ။ အခုလောလောဆယ်တော့ ကားသမားတွေလောက်ပဲ ထောက်ခံစာလုပ်နေကြတာရှိသေးတယ်။
အစ်မတို့ဘက်က ထောက်ခံစာက တစ်ရက်ပဲ ရတယ်။ ဒီနေ့လုပ်သွားတဲ့ ထောက်ခံစာ မနက်ဖြန် သွားပြလို့မရဘူး။ ကြိုပြီးလဲထုတ်မပေးထားဘူး။ မနက်ဖြန်ခရီးသွားမယ်ဒီနေ့ ကြိုထုတ်လို့မရဘူး။ ကားတစ်ခေါက်ဆင်းရင် တစ်ခါဝင်လုပ် နေရတယ်။ ရေဖြူမြို့နယ်ရုံးမှာတော့ တစ်လသက်တမ်းရှိတဲ့ ထောက်ခံစာတသ်ချပ်ကို ၃၀၀၀၀ ကျပ်ပေးရတယ်လို့သိရတယ်။
DW ။ ဘာကြောင့်ဒီလိုလုပ်ခိုင်းတယ်လိုထင်လဲ။
ဖြေ ။ အစ်မတို့ကျတော့ သူတို့ ရန်ပုံငွေလိုအပ်လို့လုပ်ခိုင်းတာပဲ့ မြင်တယ်။စမတ်ကတ်ဆိုလည်း ငွေပေးရတာပဲ။ ထောက်ခံစာဆိုလဲ သူနည်းနဲ့သူပေးရတာပဲလေ။ ကားတစ်စီး ၁၀၀၀ နဲ့ တွက် ရင် ငါးစီးလုပ်ပေးရင် ၅၀၀၀ ရမယ်လေ။ သူတို့ငွေလိုတဲ့အတွက် လုပ်တယ်လို့ပဲ မြင်တယ်။
DW ။ ဒီအခြေအနေမှာကိုယ်တိုင်ခရီးသွားဖို့ ဘာတွေပြင်ထားလဲ့။
ဖြေ ။ ထောက်ခံစာလည်းမရှိတော့ ခုတလော ခရီးမသွားဖြစ်တော့ဘူး။ တတ်နိုင်သလောက်တော့ အခုချိန်မှာဆင်ခြင်နေတာပေါ့လေ။
DW ။ ကျေးဇူးတင်ပါတယ်။
“ကိုယ့်နိုင်ငံထဲမှာကိုယ် ကိုယ့်တိုင်း ထဲမှာကိုယ်သွားလာတာ ဒီလိုမျိုးတွေလုပ်နေရတာ အပိုတွေပဲလေ”
မြိတ်မြို့ခံ အမျိုးသားတစ်ဦး
DW ။ ခရီးသွားဖို့ အထောက်အထားတွေလုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံရတာရှိလဲ
ဖြေ ။ ကိုယ်တိုင်တော့ မကြုံဖူးဘူး။ ဒါပေမဲ့ညီမတစ်ယောက်မှာတော့ ပိုက်ဆံတွေပိုပေးပြီး လုပ်ရတာတွေရှိတယ်။ ပုံမှန်တစ်ထောင်လောက်ပဲပေးရတဲ့နေရာမှာ ငါးထောင်လောက် ပေးရတာမျိုးပေါ့ရှိတယ်။
DW ။ ခရီးသွားဖို့ စာရွက်စာတမ်းမျိုးစုံလုပ်နေရတဲ့အပေါ် စိတ်ထဲဘယ်လိုခံစားရလဲ။
ဖြေ ။ (ထောက်ခံစာလုပ်နေရတာ)ကြေးပြား(ပိုက်ဆံ)လည်းကုန်၊ အချိန်လည်းကုန်တယ်လေ။ ကိုယ့်နိုင်ငံထဲမှာကိုယ်၊ ကိုယ့်တိုင်း ထဲမှာကိုယ်သွားလာတာ ဒီလိုမျိုးတွေလုပ်နေရတာ အပိုတွေပဲလေ။ ကိုယ့်မှာမှတ်ပုံတင်ရှိရင် မှတ်ပုံတင်နဲ့ပဲ လွတ်လွတ်လပ်လပ် ခရီးသွားလို့ရနေတာ ဖြစ်ချင်တာပေါ့နော်။ တစ်ခုခုဆို မှတ်ပုံတင်စစ်လိုက်ရင် ရနေပြီးသားပဲကို။ လူတိုင်းမှာမှတ်ပုံတင်ရှိကြတာလေ။ မှတ်ပုံတင်တစ်ခုရှိနေရင် သွားလို့ရနေစေချင်တာ ပေါ့နော်။
DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။
ဖြေ ။ တိုင်းကျော်၊ ပြည်ကျော်တွေ သွားလာရတာမှာလည်း ဒီမှတ်ပုံတင်ကိစ္စက တော်တော်ဒုက္ခပေးတယ်။ အခြားတိုင်းကနေ ဒီမှာ(မြိတ်မှာ) နှစ်နှစ်ဆယ်လောက် အိမ်ထောင်လာကျနေပြီး သူတို့နေတဲ့နေရာကို ခဏတဖြုတ်သွားပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်လာရင်တောင်မှ (တနင်္သာရီတိုင်းမှတ်ပုံတင်မဟုတ်လို့) လမ်းမှာ တော်တော်ဒုက္ခရောက်ရတာတွေရှိတယ်။ သွားတဲ့အချိန်က ဒီကအိမ်ထောင်စုတွေလည်းပါမသွားတော့ လမ်းမှာသူ့ကို ဧည့်သည်တစ်ယောက်လိုထင်ပြီးတော့ ဒုက္ခတွေရောက်ရတာပေါ့။
DW ။ ကျေးဇူးတင်ပါတယ်။
“ခြံအတွက်လည်းထောက်ခံစာ လုပ်ရတယ်။ ခရီးသွားဖို့လည်းထောက်ခံစာလုပ်ရတယ်”
ပုလောမြို့နယ် ဒေသခံတစ်ဦး
DW ။ ခရီးသွားရင် ထောက်ခံစာတွေလုပ်နေရတဲ့အကြောင်းပြောပြပေးပါ။
ဖြေ ။ ခရီးသွားရင်လည်း ထောက်ခံစာလုပ်ရတယ်။ အလုပ်လုပ်ဖို့လည်း ထောက်ခံစာလုပ်ရတယ်။ ခြံအတွက်လည်းထောက်ခံစာ လုပ်ရတယ်။ ခရီးသွားဖို့လည်းထောက်ခံစာလုပ်ရတယ်။ အဲဒါတွေမပါရင် မေးမြန်းစစ်ဆေးတာတွေခံရတယ်။ ဘာဖြစ်လို့ ထောက်ခံစာတွေ၊ မှတ်ပုံတင်တွေမလုပ်တာလဲ။ စမတ်ကတ်တွေ ဘာဖြစ်လို့မလုပ်လာတာလဲ ဆိုပြီး မေးမြန်းစစ်ဆေးခံရတယ်။
DW ။ အဲဒီလို ထောက်ခံစာတွေလုပ်နေရတဲ့အပေါ် ဘယ်လိုခံစားရလဲ။
ဖြေ ။ စိတ်ထဲမှာတော့ရှိတာပေါ့။ ဒါပေမဲ့သူတို့လုပ်ခိုင်းတာဆိုတော့ လုပ်နေရတာပေါ့။ သူတို့ကတော့ တာဝန်အရခိုင်းလို့ လုပ်နေရတာပါဆိုပြီးပြောတာတော့ရှိတယ်။ ကျွန်မတို့လည်း လုပ်ခိုင်းတာဆိုတော့ လုပ်နေရတာပဲ။ အလုပ်လုပ်ဖို့တောင် ထောက်ခံစာရှိမှရမှာဆိုတော့ ကျွန်မတို့လည်းဘာမှ မတတ်နိုင်ဘူးလေ။
DW ။ ကျေးဇူးတင်ပါတယ်။