BREAKING
October 18, 2025

တနင်္သာရီတိုင်း တော်လှန်ရေးထိန်းချုပ်နယ်မြေအတွက် ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းများခေါ်

June 27, 2025

ဓာတ်ပုံ - နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

တနင်္သာရီတိုင်းအတွင်းရှိ တော်လှန်ရေးတပ်စိုးမိုးထိန်းချုပ်ရာဒေသများတွင် ဒေသခံများနှင့် စစ်ရှောင်များကို ကျန်းမာရေး စောင့်ရှောက်မှုပေးမည့် အထူးကုဆရာဝန်၊ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များနေကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၏ တနင်္သာရီတိုင်း ကျန်းမာရေးတာဝန်ခံ ဒေါက်တာထူးနေအောင်က ပြောသည်။

အာဏာသိမ်းကာလအစောပိုင်းကတည်းက အဆိုပါနယ်မြေများတွင် CDM လုပ်ထားသည့် ဆရာဝန်အပါအဝင် ကျန်းမာရေး ဝန်ထမ်းများရှိသော်လည်း လုံလောက်မှုမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“အထူးကုဆရာဝန်နဲ့ ဆရာဝန်ကတော့ လိုအပ်ချက်အများဆုံးပဲ။ ကျန်တဲ့ Position (ရာထူး) တွေကလည်းပဲ သူ့အတိုင်းအတာနဲ့ သူရှိတယ်ဆိုပေမယ့် လုံလောက်နေလားဆိုတော့ မလုံလောက်ဘူးပေါ့လေ” ဟု ဒေါက်တာထူးနေအောင်က ပြောဆိုသည်။

စစ်ရှောင်များကို ကူညီနေသူတစ်ဦးကလည်း တနင်္သာရီမြို့နယ်ရှိ တော်လှန်ရေးထိန်းချုပ်ဒေသတွင် ဆရာဝန်တစ်ဦးသာ ရှိသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံများ နေမကောင်းဖြစ်လာပါက ဆေးမြီးတိုနှင့် မြန်မာဆေးကိုသာ အားထားနေရကြောင်း ဆိုသည်။

“ပုံမှန်နေမကောင်းဖြစ်ရင်တော့နီးစပ်ရာ ဆေးမီးတိုတွေနဲ့ကုတာရှိတယ်။ မြန်မာဆေးတွေ သုံးစွဲတာရှိတယ်။ ပြီးတော့ ရုတ်တရက် ရဲဘော် (တော်လှန်ရေး)တွေ စစ်ကြောင်းဖြတ်တဲ့အချိန်မျိုးဆို ဆေးကုရတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

ရောဂါပြင်းထန်ပါက တော်လှန်ရေးတပ်ထိန်းချုပ်ရာဒေသရှိ ဆေးခန်းတွင် သွားပြကြသလို စစ်ကောင်စီ ထိန်းချုပ်နယ်မြေရှိ ဆေးရုံဆေးခန်းများတွင် သွားပြနေရကြောင်း အထက်ပါ စစ်ဘေးရှောင်ကူညီသူက ပြောဆိုသည်။

လက်ရှိတွင် NUG နှင့် ERO တို့၏ ထိန်းချုပ်နယ်မြေပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ ကျန်းမာရေးဝန်ထမ်းလိုအပ်ချက် လည်း ပိုများလာကြောင်း ဒေါက်တာထူးနေအောင်က ဆိုသည်။

ထိုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကျန်းမာရေးဝန်ကြီးဌာနက တနင်္သာရီတိုင်းအတွင်း တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်းများကို ဇွန်လ ၁၇ ရက်နေ့မှစကာ ဇွန်လ ၃၀ နေ့အထိ ခေါ်ယူနေသည်။

အထူးကုဆရာဝန်၊ ဆရာဝန် အပါအဝင် သူနာပြု၊ ကျန်းမာရေးမှူး၊ အမျိုးသမီးကျန်းမာရေးဆရာမ (LHV) ၊ ပြည်သူ့ ကျန်းမာရေး ကြီးကြပ် ၁၊ သားဖွားဆရာမ ရာထူးများအတွက် ခေါ်ယူနေခြင်းဖြစ်သည်။

ထိုသို့ တနင်္သာရီတိုင်းအတွက်သီးသန့် ကျန်းမာရေးဝန်ထမ်းခေါ်ယူခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေါက်တာထူးနေအောင်က ရှင်းပြသည်။

“နယ်မြေတွေလည်းပိုပြီးတော့လည်း ကျယ်ပြန့်လာတယ်ပေါ့လေနော်။ တချို့ဟာတွေကလည်း ဆရာဝန်တွေမရှိတော့ ပိုပြီး တော့ ထိရောက်တဲ့ကုသမှုတွေ လိုအပ်တော့ ခေါ်တာပေါ့လေနော်။ ကျွန်တော်တို့ တိုင်းအတွက်သီးသန့်လေ” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် လာလျှောက်ထားသူများရှိနေပြီး လျှောက်လွှာပိတ်ပြီးနောက်ပိုင်းတွင် အင်တာဗျူးလုပ်ကာ ခေါ်ယူရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာထူးနေအောင်က ဆိုသည်။

လျှောက်ထားသည့် ကျန်းမာရေးဝန်ထမ်းအရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

တနင်္သာရီတိုင်းအတွက် ကျန်းမာရေးဝန်ထမ်းခေါ်ယူရာတွင် သတ်မှတ်ချက်အချို့ကိုလည်း သတ်မှတ်ထားသည်။

နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်းဖြစ်ရမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက စစ်ကောင်စီနှင့် ပတ်သက်မှုမရှိသူ၊ NUG ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ချထားမည့်နေရပ်ဒေသများတွင် သွားရောက် တာဝန်ထမ်းဆောင်နိုင်သူ အစရှိသည့် အချက်များသတ်မှတ်ထားသည်။

တစ်ဖက်တွင်လည်း လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှုနှင့် လုပ်ငန်းခွင်လုံခြုံမှုများအတွက် ကာကွယ်စောင့်ရှောက်မှုများ ပေးမည်ဖြစ်ပြီး တော်လှန်ရေးကာလအလွန်တွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့်အရေးများကို ဖယ်ဒရယ် ဒီမိုကရေစီ မူဝါဒများနှင့်အညီ ပေးအပ်မည်ဖြစ်ကြောင်း NUG ၏ အလုပ်ခေါ်စာတွင် ဖော်ပြထားသည်။