ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇွန် ၂၁ ရက်မှ ၂၇ ရက်အထိ
ကင်ညာမှာ ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်း

ကင်ညာနိုင်ငံမြို့တော် နိုင်ရိုဘီမှာ ဇွန် ၂၅ ရက်ကနေစပြီး ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ပြီး အင်အားသုံးကာ လူစုခွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်တည်းက အခွန်တိုးမြှင့်လိုက်တဲ့ ဥပဒေကို ကန့်ကွက်တဲ့အနေနဲ့ ပြည်သူတွေက လမ်းမပေါ် ထွက်လာခဲ့တာပါ။
ရဲအချုပ်ခန်းထဲမှာ ဆရာတစ်ဦး သေဆုံးပြီးတဲ့နောက် အခုလထဲမှာ တင်းမာမှုတွေ ပြန်မြင့်တက်လာဖြစ်ပါတယ်။
ဆန္ဒပြတဲ့အချိန် ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ရုန်းရင်းဆန်ခတ်မှု အပြင်းအထန် ဖြစ်ပွားခဲ့လို့ လူပေါင်း အနည်းဆုံး ၁၆ ဦးအထိ သေဆုံးခဲ့ပြီး ၄၀၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။
ကင်ညာဆက်သွယ်ရေးအာဏာပိုင်တွေ ထုတ်တဲ့ အမိန့်ကို ဇွန် ၂၅ ရက်မှာ ဆန္ဒပြခဲ့လို့ နိုင်ငံပိုင် NTV ရုပ်သံလိုင်းထုတ်လွှင့်မှု ခဏရပ်သွားခဲ့ပါသေးတယ်။
Ref: CNN
……………………………………..
မြောက်ကိုးရီးယားက ခရီးသွားနယ်မြေအသစ်ဖွင့်

မြောက်ကိုရီးယားနိုင်ငံဟာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့ ဝန်ဆန်းကဲလ်မာ ဧရာမခရီးသွားဇုန်ကို နိုင်ငံရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှာ ဆောက်လုပ်ပြီးစီးသွားပြီ ဖြစ်တယ်လို့ နိုင်ငံပိုင်မီဒီယာက ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီခရီးသွားဇုန်က ခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် နှစ်ပေါင်းများစွာ တွန်းအားပေး လုပ်ဆောင်လာတဲ့ ပရောဂျက်ဖြစ်တာပါ။
ဧည့်သည် ၂၀,၀၀၀ လောက် တည်းခိုနိုင်တဲ့ ဝန်ဆန်းကဲလ်မာ ကမ်းရိုးတန်း ခရီးသွားဇုန်အတွက် ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်က ကျင်းပခဲ့ပါတယ်။
အထဲမှာ ဟိုတယ်၊ စားသောက်ဆိုင်၊ ရှောပင်းမောလ်တွေနဲ့ ရေပန်းဥယျာဉ်လိုမျိုးတွေ ပါမယ်လို့ ဆိုပါတယ်။
ခရီးသွားဇုန်ကို ဇူလိုင် ၁ ရက်မှာ စတင်ဖွင့်လှစ်သွားမယ်လို့ ကြေညာလိုက်ပေမယ့် နိုင်ငံခြားခရီးသွားတွေကို လက်ခံမခံ မသိရသေးဘူး။
Ref: BBC
……………………………………..
စစ်တပ်အင်အား ၈ သောင်းကျော် ဟူသီစုဆောင်း

ယီမင်နိုင်ငံထဲက ဟူသီစစ်အုပ်စုက စစ်သည်အရေအတွက် ၈၂,၀၀၀ နီးပါးအတွက် စစ်ရေးလေ့ကျင့်မှု ပထမအဆင့်ကို ပြီးမြောက်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။
ဆန္ဒအလျောက် ဝင်လာတဲ့ ဒီစစ်သားတွေက Al-Aqsa Storm လို့ နာမည်ပေးထားတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ပြီး လေ့ကျင့်ရေး ကနဦး အဆင့်ကို ပြီးဆုံးခဲ့တယ်လို့ ဟူသီအာဏာပိုင်က ဆိုခဲ့တာပါ။
နောက်ထပ် တိုက်ခိုက်ရေးသမား စစ်သား တသိန်းအထိ စုဆောင်းဖို့နဲ့ စစ်ရေးလေ့ကျင့်မှု ဒုတိယအဆင့်ကို စတင်နေပြီလို့ အုပ်ချုပ်ရေးပြောဆိုခွင့်ရသူက ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသက အီရန်နဲ့ အစ္စရေးကြား စစ်ရေး တင်းမာမှုတွေ တိုးမြင့်လာလို့ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဟူသီအုပ်စုက စစ်သည်စုဆောင်းလာတာ ဖြစ်ပါတယ်။
Ref: Yemen Online
……………………………………..
အီတလီမှာ နှစ် ၃၀၀ သက်တမ်းရှိ ပန်းချီကား ပျက်စီး

အီတလီနိုင်ငံ ဖလော်ရင့်မြို့က Uffizi Gallery အနုပညာပြတိုက်မှာ နှစ် ၃၀၀ သက်တမ်းရှိ ပန်းချီကားကို အမျိုးသားတစ်ဦးက နောက်ခံ selfie ရိုက်ဖို့ကြိုးစားရင်း ပန်းချီကားကို ဖျက်ဆီးမိခဲ့ပါတယ်။
ဇွန်လ ၂၂ ရက်နေ့က အမျိုးသားဟာ ပန်းချီကားကို မှီမိပြီး ပန်းချီကားကို ပြဲသွားစေခဲ့တာပါ။
အမျိုးသားက ပုံတစ်ပုံရိုက်ဖို့ ပို့စ်ပေးရင်း ဟန်ချက်ပျက်ကာ Tuscany မင်းသား Ferdinand de’ Medici ရဲ့ပုံတူပန်းချီကားကို ထိမိသွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီပန်းချီကားကို ပန်းချီဆရာ Anton Domenico Gabbiani က ၁၇၁၂ ခုနှစ်က ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ပန်းချီကားကို ပျက်ဆီးစေခဲ့တဲ့ အမျိုးသားကို ပြတိုက်ဝန်ထမ်းတွေက ရဲကို တိုင်ကြားခဲ့ပါတယ်။
ပျက်ဆီးမှုက အရမ်းမပြင်းထန်ဘဲ ပြန်ပြင်ဆင်လို့ ရတယ်လို့ဆိုပြီး လက်ရှိမှာတော့ ပြန်လည်ပြင်ဆင်ဖို့အတွက် ပန်းချီကားကိုဖြုတ်ထားပါတယ်။
Ref: BBC
……………………………………..
ဘရာဇီးမှာ မိုးပျံပူဖောင်း မီးလောင်ပျက်ကျပြီး လူ ၈ ဦး သေဆုံး

ဇွန်လ ၂၁ ရက်နေ့က ဘရာဇီးနိုင်ငံတောင်ပိုင်း ဆန်တာ ကက်တရီးနားပြည်နယ်မှာ မိုးပျံပူဖောင်းတစ်ခု မီးလောင်မှုကြောင့် အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မိုးပျံပူဖောင်းပေါ်မှာ လူ ၂၁ ဦး လိုက်ပါသွားပြီး လူ ၁၃ ဦး အသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ဆိုထားပါတယ်။
အသက်ရှင်လွတ်မြောက်ခဲ့သူတွေကို နီးစပ်ရာဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့တာပါ။
မီးလောင်ခဲ့တဲ့ မိုးပျံပူဖောင်းက ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Praia Grande ပေါ် ပျံသန်းနေတဲ့ မိုးပျံပူဖောင်း ၃၀ ခုထဲက တစ်ခုဖြစ်ပါတယ်။
မီးဟာ မီးပျံပူဖောင်းရဲ့ခြင်းထဲက စလောင်ခဲ့တာဖြစ်ပြီး သေဆုံးသူ ၈ ဦးမှာ ၄ ဦးက မီးလောင်သေဆုံးခဲ့ကာ ကျန် ၄ ဦးက ခုန်ချရင်းနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Ref: NDTV
……………………………………..
ကမ္ဘာ့ဆေးအဖွဲ့ GAVI ကို အမေရိကန် ထောက်ပံ့မှုရပ်

ကမ္ဘာပေါ်က ကလေးငယ်တွေအတွက် ကာကွယ်ဆေးတွေ ဝယ်ယူပေးနိုင်ဖို့ ကူညီပေးနေတဲ့ ကမ္ဘာ့ကာကွယ်ရေးဆေးမဟာမိတ်အဖွဲ့ (Gavi) အပေါ် အမေရိကန်က ဆက်လက်ထောက်ပံ့ပေးမှာ မဟုတ်တော့ဘူးလို့ ကြေညာလိုက်ပါတယ်။
Gavi အဖွဲ့က ကမ္ဘာပေါ်က အဆင်းရဲဆုံး ကလေးငယ် ၁ ဘီလီယံကျော်အတွက် ကာကွယ်ဆေးတွေကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လာရင် Gavi အဖွဲ့ရဲ့ ထောက်ခံချက်တွေဟာ မေးခွန်းထုတ်စရာ ကောင်းတယ်လို့ အမေရိကန် ကျန်းမာရေးဝန်ကြီး ရောဘတ်ကနေဒီက ဝေဖန်လိုက်တာပါ။
ဒီပြောဆိုမှုနဲ့ ပက်သက်လို့ ဘေးကင်းရေးဟာ အဓိကဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေအတိုင်း ဆောင်ရွက်တယ်လို့ GAVI အဖွဲ့က ထုတ်ပြန်ထားပါတယ်။
၂၀၀၀ ပြည့်နှစ်ကတည်းက အဖွဲ့က ထောက်ပံ့ပေးခဲ့တဲ့ ကာကွယ်ဆေးတွေကြောင့် နိုင်ငံတွေမှာ ကလေးသေဆုံးမှုနှုန်း ကျအောင် ကူညီနိုင်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
Gavi အဖွဲ့အနေနဲ့ အများပြည်သူယုံကြည်မှု ပြန်ရအောင်လုပ်ဖို့နဲ့ ၂၀၀၁ ကတည်းက အမေရိကန်က ထောက်ပံ့ပေးခဲ့တဲ့ ဒေါ်လာ ၈ ဘီလီယံအတွက် မျှတအောင်လုပ်ဖို့ လိုတယ်လို့ အမေရိကန်ဘက်က ဆိုပါတယ်။
Ref: Aljazeera
……………………………………..
BTS အဖွဲ့ဝင် SUGA က အော်တဇင်ကုသရေးစင်တာအတွက် ဒေါ်လာ သုံးသန်းကျော်လှူဒါန်း

တောင်ကိုးရီးယားကေပေါဖ့်အဆိုတော်အဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဝင် Suga ဟာ ယွန်ဆိုင်းဆေးရုံကြီးမှာ အော်တစ်ဇင်ကုသရေးစင်တာတည်ဆောက်ဖိုအတွက် ဝမ် ၅ ဘီလီယံ (ဒေါ်လာ ၃ ဒသမ ၆ သန်းကျော်) ကို လှူဒါန်းထားပါတယ်။
အော်တစ်ဇင်ရောဂါနဲ့ လူနာတွေကို ကုသပေးနိုင်ဖို ကုသရေးစင်တာတည်ဆောက်သွားမှာဖြစ်တယ်လို ဆေးရုံဘက်က ဇွန်လ ၂၃ ရက်နေ့မှာ ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက Suga က အော်တစ်ဇင်ကလေးတွေကို ကုသဖိုအတွက် ရေရှည်ပံ့ပိုးပေးနိုင်တဲ့ အထူးကုသရေးစင်တာတစ်ခုတည်ဆောက်ဖို့လိုတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာပါ။
အဲ့ဒီရည်ရွယ်ချက်ကြောင့် ဆေးရုံကို ဒေါ်လာ ၃ သန်းကျော် လှူဒါန်းခဲ့တာဖြစ်ပြီး စင်တာထဲမှာ ဘာသာစကား၊ စိတ်ကျန်းမာရေး၊ ကိုယ်လက်လှုပ်ရှားမှုလို ရေရှည်ကုသမှုတွေကို လုပ်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
Ref: KBR
……………………………………..