BREAKING
October 20, 2025

နှစ်နိုင်ငံ နယ်စပ်ပြဿနာအတွက် ရေရှည်အဖြေရှာရန် အိန္ဒိယက တရုတ်ကိုတိုက်တွန်း

June 27, 2025

ပုံစာ - ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်နေသည့် အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh။ ဓာတ်ပုံ - Reuters

နှစ်နိုင်ငံအကြား ကာလရှည်ကြာ ဖြစ်ပွားနေသည့် နယ်စပ်ပြဿနာအတွက် ရေရှည်အဖြေတစ်ခု ရှာဖွေရန် အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးအား ဇွန်လ ၂၆ ရက်နေ့က တိုက်တွန်းလိုက်သည်။

ကြာသပတေးနေ့က တရုတ်နိုင်ငံ Qindao မြို့တွင် ကျင်းပခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးအတွင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး Rajnath Singh က တရုတ်ကာကွယ်ရေးဝန်ကြီး Dong Jun အား တွေ့ဆုံခဲ့သည်။

ယင်းသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ပြဿနာများကို လမ်းပြမြေပုံရေးဆွဲကာ ဖြေရှင်းဆောင်ရွက်သင့်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးအား အလေးအနက် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံဖြစ်သည့် အိန္ဒိယနှင့် တရုတ်သည် အဏုမြူလက်နက် ပိုင်ဆိုင်ထားကြပြီး နှစ်နိုင်ငံနယ်စပ်မှာ ၃၈၀၀ ကီလိုမီတာ ထိစပ်လျက် ရှိသည်။

နှစ်နိုင်ငံနယ်စပ်ရှိ ဟိမဝန္တာတောင်တန်း နယ်ခြားဒေသအများစုမှာ နယ်နိမိတ် တိတိကျကျ သတ်မှတ်နိုင်ခြင်း မရှိဘဲ အငြင်းပွားနေရဆဲ ဖြစ်သည်။

ယင်းနယ်စပ်အငြင်းပွားမှုပြဿနာကြောင့် နှစ်နိုင်ငံအကြား ထိတွေ့တိုက်ပွဲများလည်း ဖြစ်ပွားခဲ့ဖူးသည်။

မကြာသေးခင် ဆယ်စုနှစ်များအတွင်း နှစ်နိုင်ငံနယ်ခြားဒေသမှာ တစ်စုံတစ်ရာ တည်ငြိမ်မှု ရှိခဲ့သော်လည်း ၂၀၂၀ ခုနှစ်တွင် နယ်စပ်ဒေသ ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လာခဲ့ဖူးသည်။

ယင်းတိုက်ခိုက်မှုကြောင့် အိန္ဒိယဘက်မှ စစ်သား ၂၀ ဦး သေဆုံးခဲ့ပြီး တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့သည်။

ယင်းထိတွေ့တိုက်ပွဲကြောင့် နယ်စပ်တောင်တန်းများပေါ်တွင် နှစ်နိုင်ငံစလုံးက တပ်ဖွဲ့များကို ၄ နှစ်ကြာ တပ်ဆိုင်ချထားခဲ့သည်။

ယင်းနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် နှစ်နိုင်ငံအကြား သဘောတူညီမှုတစ်ခု ရရှိခဲ့ပြီး နှစ်ဘက်စစ်တပ်များကို တပ်ပြန်ဆုတ်စေကာ တင်းမာမှုများ လျှော့ချနိုင်ခဲ့သည်။

၂၀၂၀ ခုနှစ်က ထိတွေ့တိုက်ပွဲကြောင့် ထိခိုက်သွားခဲ့သည့် နှစ်နိုင်ငံအကြား ယုံကြည်မှုကို ပြန်လည်တည်ဆောက်သင့်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးကို ကြာသပတေးနေ့က တွေ့ဆုံစဉ်အတွင်း တိုက်တွန်းခဲ့သည်။

ကြာသပတေးနေ့က ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသည် ယခုနှစ် ကျင်းပမည့် ထိပ်သီးအစည်းအဝေးမတိုင်မီ ကနဦးအဆင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့သည် တရုတ် ၊ ရုရှား ၊ အိန္ဒိယ ၊ ပါကစ္စတန်တို့အပါအဝင် အဖွဲ့ဝင် ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် လုံခြုံရေးနှင့် နိုင်ငံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစုအဖွဲ့တစ်ခု ဖြစ်သည်။

Source: Reuters