ထားဝယ်တက္ကသိုလ်တွင် ယခုပညာသင်နှစ်၌ အဝေးသင်သင်တန်းတက်ရောက်သူ ယခင်နှစ်ထက် သုံးဆခန့်တိုးလာကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှသိရသည်။
ပြီးခဲ့သည့်ပညာသင်နှစ် ထားဝယ်တက္ကသိုလ်တွင် အဝေးသင်သင်တန်း တက်ရောက်သူ ဦးရေ ၅၀၀ ခန့်သာရှိသော်လည်း ယခုနှစ်တွင်မူ တက်ရောက်သူဦးရေ ၁၅၀၀ ခန့်အထိ ရှိလာကြောင်း ထားဝယ်တက္ကသိုလ်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးကပြောသည်။
ယင်းအချက်အလက်အား အတည်ပြုနိုင်ရန် Dawei Watch က ထားဝယ်တက္ကသိုလ် ကျောင်းသားရေးရာဌာန တာဝန်ရှိသူထံသို့ ဖုန်းဆက်သွယ်မေးမြန်ခဲ့သော်လည်း ဖြေကြားခြင်းမရှိပေ။
အာဏာသိမ်းပြီးနောက် ကျောင်းဆက်မတက်ဘဲ ရပ်နားထားခဲ့သော တက္ကသိုလ်ကျောင်းသားအချို့နှင့် လက်ရှိဝန်ထမ်းလုပ်နေသူအများစု အဝေးသင်တက္ကသိုလ် တက်လာကြခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ထားဝယ်တက္ကသိုလ် ဝန်ထမ်းတစ်ဦးက ပြောသည်။
တက္ကသိုလ်တက်ရောက်နေသူဖြစ်ပါက စစ်မှုထမ်းခေါ်ယူမှု ယာယီဆိုင်ငံ့ပေးခြင်း ခံရနိုင်သည်ဟုယူဆကာ ထိုသို့ အဝေးသင်တက္ကသိုလ် တက်သူများလာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“ပြီးခဲ့တဲ့နှစ်တွေကတော့ ကျောင်းတက်ရင် စစ်မှုထမ်းဥပဒေကနေ ယာယီကင်းလွတ်ခွင့်ရတာ လူသိနည်းတယ်လေ။ ဒီနှစ်တော့ သိသူပိုများလာလို့ ( အဝေးသင်တက္ကသိုလ် တက်တာများလာတယ်လို့) ထင်တယ် ” ဟု ၎င်းက ပြောဆိုသည်။
သို့သော် စစ်ကောင်စီတပ်သည် တက္ကသိုလ်တက်နေသူကိုလည်း စစ်မှုထမ်းသင်တန်းထဲ ထည့်သွင်းဖူးသည့် သာဓက ထားဝယ်မြို့တွင်ရှိခဲ့ဖူးသည်။
စစ်မှုထမ်း အပတ်စဥ် ၃ အတွက် တပ်သားသစ်စုဆောင်းရန် ဆင့်ခေါ်ခံရများထဲတွင် ထားဝယ်တက္ကသိုလ် အဝေးသင်ကျောင်းသားတစ်ဦး ပါဝင်ခဲ့သည်။
ယင်းအပြင် ပြည်တွင်း၌ အလုပ်လျှောက်ရာတွင် ဘွဲ့ရပြီးသူများကိုသာ ဦးစားပေးခန့်အပ်သဖြင့် ဘွဲ့တစ်ခုရရန် တက်ရောက်ကြခြင်းဖြစ်ကြောင်း အဝေးသင် ကျောင်းသားတစ်ဦးကပြောသည်။
“စစ်မှုထမ်းလည်းရှောင်ရင်းပေါ့။ အာဏာသိမ်းစတုန်းကသိပ်မသိသာသလိုပဲ။ အခုနောက်ပိုင်းတော့ ဘွဲ့မရရင် ပြည်တွင်းထဲမှာလည်း (အလုပ်ရဖို့) လိုက်တိုးရတာ နည်းနည်းခက်တယ်”ဟု ၎င်းက ဆိုသည်။
ယခုပညာသင်နှစ် ထားဝယ်တက္ကသိုလ်တွင် အဝေးသင် သင်တန်းတက်ရောက်သူ ထောင်ချီရှိသော်လည်း နေ့သင်တန်း တက်ရောက်သူမှာ မေဂျာစုံပေါင်းပါက တစ်ရာနှင့် နှစ်ရာကြားတွင်သာရှိကြောင်း ထားဝယ်တက္ကသိုလ် နေ့သင်တန်းတက်ရောက် နေသူအချို့ကပြောသည်။
ကိုဗစ်နှင့် အာဏာသိမ်းမှုမတိုင်ခင်ကမူ ထားဝယ်တက္ကသိုလ်တွင် အဝေးသင်တန်းတက်ရောက်သူ နှစ်စဉ်နှစ်ထောင်ဝန်းကျင်ရှိသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တက္ကသိုလ်ကျောင်းသားများ CDM လှုပ်ရှားမှုတွင် ပူးပေါင်းပါသူများရှိသဖြင့် အဝေးသင်သင်တန်း တက်ရောက်သူ ထိုးကျသွားခဲ့သည်။
ယခုနှစ်တွင်မူ ထားဝယ်တက္ကသိုလ်တွင် နေ့သင်တန်းသားမှာ ရာဂဏန်းမှတိုးမလာသော်လည်း အဝေးသင်သင်တန်းသားမှာမူ သုံးဆခန့် မြင့်တက်လာခြင်းဖြစ်သည်။