လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာအပါအဝင် အနီးဝန်းကျင်ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က သဗျာကျေးရွာမှ အမျိုးသားတစ်ဦးကို ထပ်မံသတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ထားခဲ့သည်။
အဆိုပါစစ်ကောင်စီတပ်သည် ကညုံကျွန်းကျေးရွာမှ လောင်းလုံးမြို့၊ ယင်းမှတစ်ဆင့် ထားဝယ်မြို့ဘက်သို့ တပ်ပြန်ဆုတ်လာချိန် ဇွန်လ ၂၆ ရက်တွင် သဗျာကျေးရွာက အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို လည်လှီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်ထားခဲ့ကြောင်း သေဆုံးသူ၏ဆွေမျိုးနီးစပ်သူတစ်ဦးနှင့် ရွာသားအချို့ထံမှ သိရသည်။
စစ်ကောင်စီတပ်သတ်ဖြတ်ခံရသဖြင့် သေဆုံးသွားသူမှာ သဗျာရွာ တောကျောင်းလမ်း ဥယျာဥ်ခြံအတွင်းနေထိုင်သော ဦးလှဝင်းဆိုသူဖြစ်ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတစ်ဦးဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။
“စစ်ကြောင်းပြန်တဲ့အချိန်မှာ အနောက်သဗျာရွာက ယောက်ျားကြီးတစ်ယောက် အဖမ်းခံရတယ်။ သူကမနက်မှပြန်လွတ်လာတယ်။ သူပြောလို့ ခြံထဲမှာဝင်ရှာကြည့်မှ အလောင်းတွေ့တယ်” ဟု ၎င်းကဆိုသည်။
ဦးလှဝင်းသည် ဇွန်လ ၂၆ ရက်ကတည်းက အသတ်ခံရခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၂၇ ရက်တွင် အလောင်းပြန်ရှာတွေ့ခြင်းဖြစ်သည်။
Dawei Watch က တွေ့ရှိရသည့် အလောင်း မှတ်တမ်းဓာတ်ပုံထဲတွင် အပေါ်ပိုင်းအင်္ကျီမရှိဘဲ အောက်ပိုင်းတွင် ဘောင်းဘီတို အနီရောင်ဝတ်ဆင်ထားသူ အမျိုးသားတစ်ဦး ပက်လက်အနေအထား သေဆုံးနေသည်။
အလောင်း၏ လည်ပင်းတွင် ကြီးမားသည့်ပြတ်ရှ ဒဏ်ရာကြီးတစ်ခုတွေ့ရပြီး လက်တစ်ဖက်အား ဝါယာကြိုးဖြင့် ချည်ထားသည်။
သေဆုံးသူ၏ အလောင်းကို မိသားစုဝင်တို့က ယနေ့မနက်ပိုင်းတွင် သဗျာရွာ၌ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း ရွာသားများထံမှ သိရသည်။
အဆိုပါစစ်ကောင်စီတပ်သည် ကညုံကျွန်းရွာမှ လောင်းလုံးဘက်သို့ တပ်ပြန်ဆုတ်သည့်အချိန်ကလည်း ၎င်းတို့ဖမ်းဆီးလာသည့် ကညုံကျွန်းရွာသား အသက် ၄၆ နှစ်အရွယ် ဦးမျိုးဇော်အောင်အား လည်လှီးသတ်ဖြတ်ကာ အလောင်းစွန့်ပစ်ခဲ့သေးသည်။
ဦးမျိုးဇော်အောင်အလောင်းအား ပြန်ရှာတွေ့သည့် ဇွန်လ ၂၆ ရက်နေ့တွင် သဗျာရွာသား ဦးလှဝင်းကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက်ကြောင့် အဆိုပါစစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုးလာချိန် ဒေသခံအမျိုးသားနှစ်ဦးကို ပုံစံတူလှည်လှီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့မှ စစ်ကောင်စီတပ်သားတစ်ဦးသည် ကညုံကျွန်းရွာသူ အသက် ၇၀ အရွယ်အဖွားတစ်ဦးကို ငါးကြိမ်တိတိ မုဒိမ်းပြုကျင့်ခဲ့သေးသည်။