BREAKING
October 20, 2025

တနင်္သာရီ သိန်ခွန်းရွာတွင် တစ်နေကုန်နီးပါးတိုက်ပွဲဖြစ်

June 27, 2025

Photo - DaweiWatch

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းရှိ တနင်္သာရီမြို့နယ် သိန်ခွန်းရွာဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများနှင့် တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ဇွန်လ ၂၆ ရက် နံနက်စောစောတွင် သိန်ခွန်းရွာရှိ တော်လှန်ရေးတပ်များရှိရာနေရာသို့ စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“တိုက်ပွဲက သူတို့ဘက်က စစ်ကြောင်းထိုးလာလို့ဖြစ်တယ်။ တစ်ရက်လုံးနီးပါး ပွဲဖြစ်တယ်။ သူတို့တွေ (စစ်ကောင်စီ) က ညနေကျတော့ အထိနာပြီး ပြန်ဆုတ်သွားတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

သိန်ခွန်းရွာ၏အရှေ့ဘက် မောတောင်ဘက်ခြမ်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားပြီး သိန်ခွန်းရွာ၏ အနောက်ဘက် ချောင်းနှစ်ပေါက်ရွာဘက်ခြမ်းကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။

စစ်ကောင်စီတပ်က တစ်ပတ်အတွင်း စစ်ကူနှင့် ရိက္ခာကား ၇စီးဖြင့် အင်အားဖြည့်တင်း၍ ထိုးစစ်ဆင်နေပြီး ၎င်းတို့ အထိနာပါက ပြန်ဆုတ်သွားလေ့ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင် အခြားတစ်ဦးက ဆိုသည်။

“မိုက်ကျ (မိုးချုပ်) ခါနီးမှ တိုက်ပွဲပြီးတယ်။ သူတို့ပြန်ဆုတ်သွားတော့ နယ်မြေတက်ရှင်းတာ ကျည်နဲ့ ပစ္စည်းအချို့ ရလာတယ်” ဟု အထက်ပါတပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်မှုရှိသော်လည်း အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်အချို့က ဆိုသည်။

တော်လှန်ရေးတပ်ဘက်ကမူ ထိခိုက်မှုမရှိကြောင်း ၎င်းတို့က ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မောတောင်ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေသည်မှာ ၆ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းရွာဝန်းကျင်မှာပင် ရပ်တန့်နေသည်။