လောင်းလုံးမြို့ နယ်၊ တောင်ဘက်တွင်ရှိသော ကျေးရွာအချို့ကို ယနေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီရေတပ်က သင်္ဘောပေါ်မှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများကပြောသည်။
ကျောက်နီမော် ကျေးရွာဘက်မှ ထားဝယ်မြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီစစ်သင်္ဘောသည် ယနေ့(ဇွန် ၂၇) နံနက် ၁၀ နာရီကျော်အချိန်မှစ၍ ရဘဲကျေးရွာနှင့် ပြင်ကြီးရွာ ကျေးရွာအနီးကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့ ထမင်းစားနေချိန် ၃ ချက် ကျတယ်။ မြေပါတုန်တယ် “ဟု ယင်းအမျိုးသမီးကပြောသည်။
စစ်သင်္ဘောမှာ ရဘဲကျေးရွာအရှေ့ဘက် ထားဝယ်မြစ်ဝမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း လက်နက်ကြီး အချက်ရေ ၁၅ ချက်ထက်မနည်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးအများစုမှ ဇလွတ်နှင့် ပြင်ကြီးရွာကြားမှ ကျောက်ပြင်တောင် ဘက်ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ပြီး လက်နက်ကြီးကြောင့် ယနေ့ ဇလွတ်၊ပြင်ကြီး၊ရဘဲ စသည့် အနည်းဆုံးကျေးရွာ ၃ ရွာမှ ဒေသခံများ ဘေးလွတ်ရာ တိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်အတွင်းကလည်း အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းမှာ လောင်းလုံးတွင် တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းထိုးခဲ့ပြီး ထားဝယ်မြစ်ကမ်းဘေးရှိ ကညုံကျွန်းကျေးရွာ၌ ဇွန်လ ၂၅ ရက်နေ့အထိ ၁၀ ရက်ကြာတပ်စွဲခဲ့သည်။







