မိုးစပါးစိုက်ပျိုးရန် ထွန်ယက်စိုက်ပျိုးနေချိန် မြိတ်မြို့တွင် ဆန်းဈေးအနည်းငယ် ကျဆင်းလာကြောင်း မြိတ်မြို့နယ်ဆန်ကုန်သည်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဧပြီ၊ မေလတို့နှင့်နှိုင်းယှဉ်ပါက ယခုမိုးရာသီအစဇွန်လ ကုန်ပိုင်းတွင် ဆန်တစ်အိတ် ကျပ်နှစ်သောင်းနီးပါး ဈေးကျဆင်းသွားကြောင်း ၎င်းကဆိုသည်။
ဆန်ဝယ်စားနေရသည့် မြိတ်မြို့ခံအချို့ကလည်း ဆန်းဈေးအနည်းငယ် ကျဆင်းနေကြောင်း ပြောဆိုသည်။
“ငါးလပိုင်းတုန်းက စူပါဆန် ၂၄ ပြည်တစ်အိတ်ကို ၉၃၀၀၀ (ကျပ်) ပေးရတယ်။ မနေ့က သွားဝယ်လာတာ ခုနစ်သောင်း(ကျပ်) ပေးရတယ်။ ဒါပေမဲ့ ဆန်(စျေး)တွေကတော့ တစ်ဆိုင်နဲ့တစ်ဆိုင်မတူကြဘူး” ဟု မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
အလားတူ ဂျပန်မတံဆိပ်ဆန်လည်း ဆယ်ပြည်အိတ်တစ်အိတ်လျှင် ၄၀၀၀ ကျပ်ခန့် ဈေးကျလာကြောင်း မြို့ခံအချို့ကပြောသည်။
” လေးလပိုင်းတုန်းက ဂျပန်မဆန် တစ်ပြည်ကို ၄၄၀၀ ကျပ်၊ ပြီးခဲ့တဲ့လက ၄၂၀၀ ကျပ် ဖြစ်သွားတယ်။ အခု ခြောက်လပိုင်းမှာ ၄၀၀၀ ဖြစ်သွားတယ်” ဟု အခြား မြို့ခံအမျိုးသမီးတစ်ဦးကပြောသည်။
ဇီယာ၊ စူပါ၊ စသည့် ဧည့်မထအုပ်စုဝင်ဆန်များ၊ ရတနာတိုးကဲ့သို့သော ဆန်အမျိုးအစားတို့လည်း စျေးကျနေကြောင်း မြိတ်ဆန်အရောင်းဒိုင်အချို့ထံမှ သိရသည်။
နိုင်ငံတကာဈေးကွက်တွင်လည်း ဆန်ဈေးကျဆင်းနေသဖြင့် ပြည်တွင်းဆန်ဈေးလည်း ကျဆင်းနေခြင်းဖြစ်ကြောင်း မြိတ်မြို့ဆန်ကုန်သည်အသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။
ဆန်းဈေးကျဆင်းနေသဖြင့် ဆန်ဝယ်စားနေရသူများအတွက် အထိုက်အလျောက် အဆင်ပြေသော်လည်း လယ်သမားများမှာမူ ဆန်းဈေးပေါ်မူတည်ပြီး စပါးဈေးလည်း ကျဆင်းလာမည်ကို စိုးရိမ်နေကြောင်း ပြောဆိုကြသည်။
“ဆန်ဈေးတက်တုန်းကတောင် စပါးဈေးကျတယ်ဆိုတော့ အခုဆို စပါးဈေးထပ်ကျမလားပဲ “ ဟု မြိတ်မြို့ခံ လယ်သမားတစ်ဦးက ပြောသည်။
စပါးဈေး၊ ဆန်စျေးနှုန်းတွေ ကျဆင်းနေပြီး လယ်စိုက်ရာတွင် အသုံးပြုသည့် သွင်းအားစုဈေးမှာ တက်နေသဖြင့် လယ်သမားများ စား၀တ်နေရေးအတွက် အရှုံးခံပြီး စိုက်ပျိုးရမည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ပြောဆိုသည်။
ပြီးခဲ့သည့်နှစ်မိုးရာသီက မြိတ်မြို့တွင်ဆန်ပြတ်လပ်ခဲ့ဖူးသည်ကို သင်ခန်းစာယူပြီး ရာသီဥတုကြောင့် ဆန်တင်သင်္ဘောများ၊ ဆန်လှေများ မလာနိုင်ခဲ့လျှင် ဆန်ဈေး တက်မသွားစေရန် ဆန်များကို ကြိုတင်စုဆောင်းပြီး စီမံထားကြောင်း မြိတ်မြို့နယ် ဆန်ကုန်သည်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။