BREAKING
October 20, 2025

ထားဝယ်ဒေသတွင် လယ်ထွန်ခ စျေးတက်

June 27, 2025

Photo - DaweiWatch

ထားဝယ်ခရိုင်တွင် လယ်ထွန်ယက်ခမှာ တစ်ဧကလျှင် ပြီးခဲ့သည့်နှစ်ကထက် ကျပ်သုံးသောင်းမှ ငါးသောင်းခန့်အထိ စျေးတက်လာကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့က ပြောသည်။

နယ်မြေတည်ငြိမ်အေးချမ်းမှု၊ အလုပ်သမားရရှိမှုအပေါ်မူတည်ပြီး ဒေသတစ်ခုနှင့်တစ်ခု လယ်ထွန်စက်ငှားရမ်းခ၊ အလုပ်သမားငှားရမ်းခတို့မှာ ဈေးနှုန်းကွာဟမှုရှိကြောင်း လယ်သမားများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ်က အချို့ဒေသတွင် တစ်ဧကကို လယ်ထွန်ယက်ခ ကျပ်တစ်သိန်းလေးသောင်းခန့်ရှိပြီး အချို့ဒေသတွင် ကျပ်တစ်သိန်းခွဲခန့်ရှိကြောင်း လယ်သမားအချို့ကပြောသည်။

ယခုနှစ်တွင်မူ လယ်ထွန်ယက်ခမှာ တစ်ဧကကို တစ်သိန်းခုနှစ်သောင်းမှ နှစ်သိန်းကျပ်အထိပေးရကြောင်း ၎င်းတို့က ဆိုသည်။

ကိုယ်ပိုင် ထွန်စက်ရှိသော်လည်း နယ်မြေမအေးချမ်းမှုကြောင့် ငှားရမ်းထွန်ယက်နေရရာ ထွန်ယက်ခ၊ ပျိုးခ၊ ဓာတ်မြေဩဇာဖိုး၊ ရိတ်ခြွေခနှင့် အလုပ်သမားစရိတ်များ ထပ်ပေါင်းလျှင် တွက်ခြေမကိုက်ဖြစ်လာကြောင်း ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအုပ်စုက လယ်သမားတစ်ဦးက ပြောဆိုသည်။

“ဘယ်လို (တွက်ခြေ) ကိုက်မလဲ၊ (ဆန်) ဝယ်စားရတာနဲ့ အတူတူပဲ။ ပစ်ထားလို့လည်း မရပဲကိုး။ ကျွန်တော်မှာဆို နှစ်ဧကကို ထွန်ခ သုံးသိန်းကျော်လောက်ကုန်မယ်။ (ဓာတ်မြေဩဇာ) ဓာတ်စာဖိုးက တစ်သိန်းရှစ်သောင်းဖိုး၊ ပျိုးစပါးခတွေ၊ လုပ်အားခတွေ ရှိသေးတယ်။ စပါးထွက်ခါနီး ဓာတ်ဆား (ဓာတ်မြေဩဇာ) ကြဲခရှိသေးတယ်။ ဘယ်လိုသွားကျန်မလဲ။ (စပါး) ရိတ်ခကလည်း တစ်ဧကကို တစ်သိန်းကျော်ပဲ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်နေသည့် ဝင်းဝစခန်းအနီးက မင်းဒပ်ရွာတွင် လယ်တစ်ဧက ထွန်ယက်ခ နှစ်သိန်းကျပ်ဖြစ်နေပြီး ပြီးခဲ့သည့်နှစ်ကထက် ကျပ်ငါးသောင်းဈေးတက်လာကြောင်း လယ်သမားတစ်ဦးက ဆိုသည်။

“အခုမိုးကာလပိုက်ဆံပေးရင် တစ်ဧက နှစ်သိန်းယူတယ်။ စပါးပေါ်ချိန်မှ စပါးပေးမယ်ဆိုရင် စပါးဆယ့်ရှစ်တောင်း ပေးရ တယ်။ ဒီနှစ်ဈေးပိုတက်လာတာက စက်သုံးဆီဈေးကလည်းကြီးတယ်၊ အလုပ်သမားကလည်း ရှားတယ်၊ မနှစ်တုန်းက နေ့စားတစ်ယောက်ကို တစ်သောင်းခွဲပေးရတာ ဒီနှစ် နှစ်သောင်းခွဲနဲ့လိုက်ငှားနေရတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်နှစ်က စပါးပေါ်ချိန် စပါးယူမည့်အလုပ်သမားတစ်ဦးကို တစ်ရက်လုပ်အားခ စပါးတစ်တင်းပေးရပြီး ယခုနှစ်တွင် တစ်ရက်လုပ်အားခအတွက် စပါးနှစ်တင်းပေးခေါ်ရကြောင်း အထက်ပါလယ်သမားက ပြောဆိုသည်။

ယင်းကြောင့် လယ်ထွန်ယက်ခများလည်း ဈေးတက်လာကြောင်း ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်က နယ်ဒေသများကို ဆန်၊ ဆေးဝါး၊ စက်သုံးဆီ၊ ဓာတ်မြေဩဇာ၊ စားသုံးဆီစသဖြင့် ရိက္ခာနှင့် ဆေးဝါး သယ်ယူခွင့် ပိတ်ထားသည့်အတွက် နယ်ဒေသတွင် လယ်ရှိသူအချို့မှာ တွက်ခြေမကိုက်သော်လည်း ဆန်အခက်အခဲ မကြုံရန်အတွက် လုပ်ကိုင်နေရကြောင်း လယ်သမားအချို့က ဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေသည့် ဒေသများနှင့် မကြာခဏတိုက်ပွဲဖြစ်သည့်ဒေသများတွင် နယ်မြေမအေးချမ်းမှုကြောင့် လယ်ကို ပစ်ထားရသူလည်း များလာကြောင်း ဒေသခံအချို့က ပြောသည်။

Photo-Dawei Watch