အင်အားပြင်း ငလျင်လှုပ်ခတ်မှုအပြီး ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစာနာမှုအကျပ်အတည်းအကြား မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကာ အားလုံးပါဝင်မှုရှိသည့် တွေ့ဆုံဆွေးနွေးရေး ဖန်တီးဖော်ဆောင်ရန် အာဆီယံခေါင်းဆောင်များက တိုက်တွန်းလိုက်သည်။
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်တွင် အာဆီယံခေါင်းဆောင်များက ယင်းသို့ တညီတညွတ်တည်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ကိုယ်တိုင်ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခု ပေါ်ထွန်းလာရန် ယုံကြည်မှုတည်ဆောက်ရေးနှင့် တွေ့ဆုံဆွေးနွေးပွဲများ ဖော်ဆောင်ကြရန် တိုက်တွန်းခဲ့သည်။
မြန်မာပြည်အကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရန် အာဆီယံအဖွဲ့၏ သံန္နိဌာန်ကိုလည်း အဆိုပါ ကြေညာချက်တွင် ထပ်လောင်း အတည်ပြုဖော်ပြခဲ့သည်။
အချက်ငါးချက်ပါ အာဆီယံဘုံသဘောတူညီချက်မှာ မြန်မာ့အရေး ဖြေရှင်းနိုင်ရေး အာဆီယံအဖွဲ့က ကိုင်စွဲထားသည့် အဓိကမူဘောင်တစ်ရပ် ဖြစ်သည်။
အာဆီယံဘုံသဘောတူညီချက် ငါးချက်ကို ထိရောက်စွာဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေးအတွက် အာဆီယံဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်အပေါ် အပြည့်အဝထောက်ခံအားပေးကြောင်း အာဆီယံခေါင်းဆောင်များက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က မြန်မာနိုင်ငံအလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း ငလျင်နောက်ပိုင်း ပိုမိုဆိုးရွားလာနေသည့် လူသားချင်းစာနာမှုအကျပ်အတည်းနှင့် ပိုမိုအရှိန်ပြင်းထန် လာနေသည့် အကြမ်းဖက်မှုများအပေါ် နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်ကြောင်းလည်း ဆိုသည်။
အရပ်သားများနှင့် အများပြည်သူအခြေခံအဆောက်အအုံများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေး၊ လက်လွတ်စပယ် အကြမ်းဖက်မှုများကို ရပ်တန့်နိုင်ရေးအတွက် ခိုင်မာသည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် မြန်မာပြည်ပဋိပက္ခတွင် ပါဝင်သည့် သက်ဆိုင်သူအားလုံးကို အာဆီယံအဖွဲ့က တိုက်တွန်းခဲ့သည်။
မကြာသေးမီက မြန်မာစစ်တပ်နှင့် အခြားသက်ဆိုင်ရာ အင်အားစုများက ထုတ်ပြန်ခဲ့သည့် ယာယီအပစ်ရပ်ရေး ကြေညာချက်များကို ကြိုဆိုကြောင်းဖော်ပြကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်ရပ်နိုင်ရေး တိုးချဲ့ဆောင်ရွက်သွားရန် အာဆီယံခေါင်းဆောင်များက တောင်းဆိုလိုက်သည်။
လူသားချင်းစာနာမှု အကူအညီများ ဘေးကင်းလုံခြုံစွာနှင့် ပွင့်လင်းမြင်သာမှုရှိစွာ အချိန်မီပို့ပေးနိုင်ရေးအတွက် အဆိုပါ အပစ်ရပ်ခြေလှမ်းများမှာ အခြေခံလိုအပ်ချက်ဖြစ်ကြောင်း ဆိုသည်။
မြန်မာပြည်အကျပ်အတည်းတွင် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီပေးပို့မှုများ လိုအပ်နေကြောင်း အာဆီယံအဖွဲ့က ဆိုသည်။
မြန်မာပြည် ငြိမ်းချမ်းရေးရရှိရန် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းဆောင်ရွက်မှုက အရေးပါကြောင်းလည်း အာဆီယံခေါင်းဆောင်များက ဖော်ပြခဲ့သည်။
မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးမှု၊ လူကုန်ကူးမှု၊ အွန်လိုင်းငွေလိမ်မှု အစရှိသည့် မြန်မာပြည်အကျပ်အတည်း၏ ပိုမို ကျယ်ပြန့်သည့် သက်ရောက်မှုများကို ဖြေရှင်းရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မြန်မာ့အိမ်နီးချင်းနိုင်ငံများအပြင် ပြင်ပ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဆီယံအဖွဲ့က ကတိပြုခဲ့သည်။